BREAKING
April 28, 2025

ရခိုင်နယ်စပ်တွင် လူသားချင်းစာနာမှုစင်္ကြံ တည်ဆောက်ရန် ဘင်္ဂလားဒေ့ရှ် မူအရ လက်ခံ

April 28, 2025

ပုံစာ - ဘင်္ဂလားဒေ့ရ်နိုင်ငံ ၊ ကော့ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်များကို ၂၀၂၅ ခုနှစ် ၊ မတ်လက တွေ့ရစဉ်။ ဓာတ်ပုံ - Reuters

စစ်ဘေးဒဏ်သင့် မြန်မာနိုင်ငံသားများအတွက် ရခိုင််ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လူသားချင်းစာနာမှုအကူအညီပေးရေးစင်္ကြံ တည်ဆောက်ရန် ကုလသမဂ္ဂ၏ တောင်းဆိုချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက မူအရ လက်ခံလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို လူသားချင်းစာနာမှုအကူအညီပေးဖို့အတွက် ကုလသမဂ္ဂက ဘင်္ဂလားဒေ့ရှ်ကို ဖြတ်ပြီး လူသားချင်းစာနာမှုအကူအညီပေးရေးစင်္ကြံတည်ဆောက်လိုတယ်။ (ဘင်္ဂလားဒေ့ရှ်) အသွင်ကူးပြောင်းရေးကာလအစိုးရက ဒါကို မူအားဖြင့် သဘောတူလိုက်ပြီ။ အကောင်အထည်ဖော်မဖော်ကတော့ အခြေအနေအချို့အပေါ် မူတည်တယ်” ဟု ဘင်္ဂလားဒေ့ရှ်အသွင်ကူးပြောင်းရေးကာလအစိုးရ နိုင်ငံခြားရေးရာအကြံပေးပုဂ္ဂိုလ် Md. Towhid Hossain က ယမန်နေ့ တနင်္ဂနွေနေ့က ဒါကာမြို့တွင် သတင်းထောက်များကို ပြောကြားလိုက်သည်။

“အဲဒါက လူသားချင်းစာနာမှုအကူအညီပေးရေး လမ်းကြောင်း တစ်ခု ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ အခြေအနေအချို့ ရှိတယ်။ အသေးစိတ်တော့ ကျွန်တော် မပြောတော့ဘူး။ ဒီစည်းမျဉ်းတွေနဲ့ ကိုက်ညီရင် ကျွန်တော်တို့ သေချာပေါက် အကူအညီပေးသွားမှာပါ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ ပဋိပက္ခသည် ဘင်္ဂလားဒေ့ရှ်၏ အကျိုးစီးပွားများနှင့် ဆက်စပ်နေသည်ဟု Hossain က ဆိုသည်။

“မြန်မာနိုင်ငံရဲ့ ကြီးမားတဲ့ လူဦးရေတစ်ခုက ကျွန်တော်တို့ နိုင်ငံမှာ ခိုလှုံနေကြတယ်။ ပြီးတော့ ကျွန်တော်တို့က သူတို့ကို (မြန်မာနိုင်ငံကို) ပြန်ပို့ချင်တယ်။ သူတို့ကို ပြန်ပို့ဖို့အတွက် လုပ်ဖို့ လိုအပ်တာ ဘာမဆို ကျွန်တော်တို့ လုပ်ရမယ်”

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားတွင် ၂၀၁၇ ခုနှစ် ဩဂုတ်လက မြန်မာစစ်တပ်၏ ဖိနှိပ်သတ်ဖြတ်မှုများကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ရသည့် ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၁ ဒသမ ၃ သန်းကျော် လက်ခံထားဟု သတင်းများတွင် ဖော်ပြထားသည်။

မြန်မာစစ်ကောင်စီသည် အာရက္ခတပ်တော်(AA) ကို ထိန်းချုပ်ရန် ရခိုင်ပြည်နယ်သို့ ထောက်ပံ့ရေးအားလုံး ပိတ်ဆို့ထားသည်။ ယင်းကြောင့် ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာမှုအကျပ်အတည်းမှာ ပိုမိုဆိုးရွားလာနေသည်။

ဤအခြေအနေတွင် ကုလသမဂ္ဂက ရခိုင်ပြည်နယ်တွင် အငတ်ဘေးကြုံရမည်ကို စိုးရိမ်လျက်ရှိသည်။ ကုလသမဂ္ဂက ဘင်္ဂလားဒေ့ရှ်အစိုးရကို ရခိုင်ပြည်နယ်သို့ လူသားချင်းစာနာမှုအကူအညီပေးရန် စင်္ကြံတစ်ခု ဖန်တီးရန် တောင်းဆိုခဲ့သည်။

လူသားချင်းစာနာမှုအကူအညီပေးရေးစင်္ကြံများမှာ သာမန်အရပ်သားပြည်သူများကို ကူညီရန် ဖန်တီးသော်လည်း ယင်းသို့ လူသားချင်းစာနာမှု အကူအညီပေးရေး စင်္ကြံများ ဖွင့်လှစ်လိုက်သောအခါ ဒေသတွင်းရှိ သူပုန်များ၊ အကြမ်းဖက်အုပ်စုများအနေဖြင့် အဆိုပါ စင်္ကြံများကို လုံခြုံစိတ်ချရသော လမ်းကြောင်းတစ်ခုအဖြစ် အသုံးပြုရန် အခွင့်အလမ်းရလာတတ်ကြောင်း ဝေဖန်ထောက်ပြ မှုများလည်းရှိသည်။

ယင်းဒေသကို မူးယစ်ဆေးနှင့် တရားမဝင် လက်နက်မှောင်ခိုမှုများ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုအမျိုးမျိုးအတွက် လမ်းကြောင်းများထဲမှ တစ်ခုအဖြစ် သိထားကြသည်။

အဆိုပါ စိုးရိမ်ချက်ကို တုံ့ပြန်သည့် အနေနှင့် Hossain က “စင်္ကြံကို ကုန်စည်တွေအတွက်ပဲ စီစဉ်စဉ်းစားထားတာပါ။ လက်နက်တွေအတွက် စဉ်းစားထားတာ မပါပါဘူး” ဟုဆိုသည်။

ဘင်္ဂလားဒေ့ရှ် – မြန်မာနယ်စပ်နှင့် ပတ်သက်၍ ၎င်းက “ ဒီမှာ နယ်စပ်တစ်ခုလုံးက non-state actor (အာရက္ခတပ်တော်) ရဲ့ ထိန်းချုပ်မှုအောက်မှာ ကျရောက်နေတယ်။ မြန်မာဗဟိုအစိုးရ ( စစ်ကောင်စီ) က အဲဒီမှာ ဘာထိန်းချုပ်မှုမှ မရှိဘူး။ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ကာကွယ်ဖို့အတွက် ကျွန်တော်တို့မှာ ဘယ်လိုထိတွေ့ဆက်ဆံမှုမှ ရှိလို့မရဘူး။ non-state actor တွေနဲ့ တရားဝင်ထိတွေ့ဆက်ဆံမှု ရှိလို့ မရဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဆန္ဒရှိရင်တောင်မှ ကျွန်တော်တို့ (အာရက္ခတပ်တော်နဲ့ မဆက်ဆံဘဲ) သီးခြားနေလို့ မရဘူး”

“ကျွန်တော်တို့ လိုအပ်သလောက် ထိတွေ့ဆက်ဆံမှုကိုတော့ ထိန်းသိမ်းထားမယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်အစိုးရ အကြံပေးပုဂ္ဂိုလ် Muhammad Yunus က ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် နေရပ်စွန့်ခွာ တိမ်းရှောင်ရသူများနှင့် လက်ရှိဖြစ်ပွားနေဆဲ လူသားချင်းစာနာမှုအကျပ်အတည်းကို ဖြေရှင်းရန် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ကုလသမဂ္ဂအာမခံသည့် ဘေးမဲ့ဇုန် (Safe zone)တစ်ခု ဖန်တီးရေးကို အဆိုပြုခဲ့သည်။

Source: Bernama/Anadolu