BREAKING
April 28, 2025

ထိုင်း-မြန်မာနယ်စပ်လမ်းတွင် ခဲတင်ကားတိမ်းမှောက်ပြီး တစ်ဦးသေ၊ ငါးဦး ဒဏ်ရာရ

April 28, 2025

ပုံစာ - ပုံစာ-မောတောင်နယ်စပ်စခန်းအားတွေ့ရစဉ်(ပုံဟောင်း)

ထိုင်း-မြန်မာနယ်စပ်လမ်းရှိ နေကျော်တောင်တွင် ခဲသတ္တုတင်ဆောင်လာသည့် ဟိုက်ဂျက် (Hi Jet) ကားဘရိတ်ပေါက်ပြီး တိမ်းမှောက်ခဲ့သဖြင့် တစ်ဦး သေဆုံးပြီး ငါးဦးဒဏ်ရာရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဧပြီလ ၂၆ ရက် ည၇နာရီခန့်တွင် သဘော့လိပ်ရွာမှ ထိုင်း-မြန်မာနယ်စပ် မောတောင်ဘက်ပို့မည့် ခဲသတ္တုများ တင်ဆောင်လာသည့်ကားသည် အဆိုပါလမ်းပိုင်းရှိ နေကျော်တောင်တွင် ကားဘရိတ်ပေါက်ကာ ကားမှောက်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီမြို့နယ်အပါအဝင် တိုင်းအတွင်း ခဲသတ္တုတူးဖော်မှု အဆမတန်များပြားလာပြီး တူးဖော်ထွက်ရှိသည့် ခဲသတ္တုကို နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချလေ့ရှိသည်။

ထိုကဲ့သို့ တိမ်းမှောက်သွားသဖြင့် ကားမောင်းလာသည့် အသက် ၃၀ ဝန်းကျင်အရွယ် ကိုအတာ ဆိုသူ သေဆုံးပြီး ကားပေါ်လိုက်ပါလာသူ ငါးဦး ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

”ကိုအတာ က နေ့လယ်ဘက်ကပဲ နှုတ်ဆက်ပြီး ထွက်သွားတယ်။ ညကျဖုန်းဝင်လာတော့ ကားမှောက်ပြီးဆုံးသွားပြီတဲ့။ သူက ခဲလုပ်သမားတွေရဲ့ အားကိုးရသူဆိုလည်း ဟုတ်တယ်” ဟု အထက်ပါဒေသခံက ပြောသည်။

အဆိုပါခဲတင်ကားက နေကျော်တောင်ရောက်ခါနီးနေရာတွင် ဘရိတ်ပေါက်သွားသည့်အတွက် ကားမောင်းသူက ဆက်မမောင်းရဲတော့ဘဲဖြစ်နေချိန်တွင် ‘ကိုအတာ’ ဆိုသူက တက်မောင်းရာ တောင်အဆင်းတွင် တိမ်းမှောက်ခြင်းဖြစ်ကြောင်း ဒေသခံ အခြားတစ်ဦးက ပြောဆိုသည်။

ကိုအတာ သည် သဘော့လိပ်ရွာသားဖြစ်ပြီး ဒဏ်ရာရသူငါးဦးမှာ အခြားရွာသားများဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုင်း-မြန်မာနယ်စပ် မောတောင်သို့သွားရာ လမ်းတစ်လျှောက်တွင် တောင်များရှိသော်လည်း နေကျော်တောင်သည် အမြင့်ဆုံးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။