BREAKING
April 28, 2025

မလေးရှား၊ ပြည်နယ်တစ်ခုတွင် အမျိုးအမည်မသိ ကူးစက်ရောဂါတွေ့

April 28, 2025

မလေးရှားနိုင်ငံ၊ ကာဒါပြည်နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ကျောင်းသူကျောင်းသားနှင့် ဝန်ထမ်း ၃၉ ဦး၌ အမျိုးအမည်မသိရသည့် ကူးစက်ရောဂါတစ်မျိုး ဖြစ်ပွားနေကြောင်း အာဏာပိုင်များက ယမန်နေ့ တနင်္ဂနွေနေ့က အတည်ပြုထုတ်ပြန်လိုက်သည်။

ရောဂါကူးစက်ခံရသူများတွင် အအေးမိ ၊ တုပ်ကွေး ၊ ချောင်းဆိုး ၊ ဝမ်းလျှော ၊ အော့အန်မှုနှင့် အင်ပျဉ်ထသည့် ရောဂါလက္ခဏာများ တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ ရောဂါလက္ခဏာနှင့် လူနာများကို စောင့်ကြည့်ရန် ကာဒါပြည်နယ်မှ ကျန်းမာရေး အာဏာပိုင်များကို အစိုးရက ညွှန်ကြားထားသည်။

ကာဒါပြည်နယ်၊ ယန်ခရိုင် Palas Camp လေ့ကျင့်ရေးစခန်းသို့ ဧပြီလ ၃ ရက်နေ့နှင့် နောက်ပိုင်းတွင် သွားရောက်ခဲ့သူများကို ပြည်နယ်ကျန်းမာရေးအာဏာပိုင်များက သတိထားစောင့်ကြည့်လျက်ရှိသည်။

ရောဂါကူးစက်ခံရမှုအခြေအနေကို စုံစမ်းစစ်ဆေးနေကြောင်း ကာဒါပြည်နယ် ကျန်းမာရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ မစ္စတာမန်ဆာဇာကာရီယာက အလေးအနက် ပြောဆိုခဲ့သည်။

ကာဒါပြည်နယ် ကွာလာမူဒါခရိုင်မှ အထက်တန်းကျောင်းတစ်ကျောင်းတွင်လည်း အဆိုပါ အမျိုးအမည်မသိ ကူးစက်ရောဂါဖြစ်ပွားမှုကို တွေ့ရှိခဲ့ရသည်ဟု ၎င်းက ဆိုသည်။

“အဲဒီအမျိုးအမည်မသိ ကူးစက်ရောဂါဖြစ်ပွားနေပြီဆိုတဲ့ သတင်းရတာနဲ့ ကွာလာမူဒါခရိုင်နဲ့ ယန်ခရိုင်က ကျန်းမာရေးဌာနတွေက ချက်ချင်းစုံစမ်းစစ်ဆေးမှု လုပ်ခဲ့ကြတယ်။ ရောဂါကူးစက်ခံရတဲ့ လူနာတွေဟာ ယန်ခရိုင်မှာရှိတဲ့ လေ့ကျင့်ရေးစခန်းတစ်ခုကို သွားခဲ့ကြသူတွေဆိုတာကို အတည်ပြုနိုင်ခဲ့တယ်”ဟု မစ္စတာမန်ဆာက ပြောသည်။

ရောဂါကူးစက်ခံရသူများတွင် အသက် ၁၄ နှစ်အရွယ်ကျောင်းသားများနှင့် ဝန်ထမ်းများလည်း ပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် ရောဂါကူးစက်ခံထားရသူအားလုံးကို ကွာလာမူဒါခရိုင် ဆူလ်တန်အဗ္ဗဒူလ်ဟာလင်ဆေးရုံ၌ ဆေးကုသမှု ပေးလျက်ရှိပြီး စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း သိရသည်။

ပြည်သူများအနေဖြင့် အစိုးရိမ်မလွန်ကြရန် ၊ မိမိနေအိမ်နှင့် အပန်းဖြေဧရိယာများတွင် ကြိုတင်ကာကွယ်မှုလုပ်ဆောင်ပြီး သန့်ရှင်းမှုကို ထိန်းသိမ်းကြရန် မစ္စတာမန်ဆာက တိုက်တွန်းထားသည်။

အဆိုပါ အမျိုးအမည်မသိ ကူးစက်ရောဂါနှင့် ပတ်သက်၍ အာဏာပိုင်များက စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။

Source: THE STAR/ASIA NEWS NETWORK