အင်အားအလွန်ပြင်းထန်သည့် ငလျင်ကြောင့် လူ ၁၄၀ကျော်သေဆုံးပြီး ခုနစ်ရာကျော် ဒဏ်ရာရကာ သေဆုံးဒဏ်ရာရသူ ထပ်တိုးလာနိုင်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ညပိုင်းတွင် ပြောသည်။
မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် နေပြည်တော်တို့တွင် ပျက်စီးမှု ပိုမိုများပြားကြောင်း ၎င်းက ဆိုသည်။
လက်ရှိရရှိထားသည့် စာရင်းအရ နေပြည်တော်တွင် သေဆုံးသူ ၉၆ ဦး၊ မန္တလေးတိုင်း ကျောက်ဆည်မြို့တွင် သေဆုံးသူ ၃၀ ဦး၊ စစ်ကိုင်းမြို့တွင် သေဆုံးသူ ၁၈ဦး စုစုပေါင်း ၁၄၄ ဦး သေဆုံးကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုသည်။
နေပြည်တော်တွင် ဒဏ်ရာရသူ ၄၃၂ ဦး၊ စစ်ကိုင်းမြို့တွင် ဒဏ်ရာရသူ ၃၀၀ ဦးနှင့် ကျောက်ဆည်မြို့တွင် စိစစ်ဆဲဆိုပြီး စုစုပေါင်းမှာမူ ၇၃၂ ဦးရှိကြောင်း ၎င်းက ဆိုသည်။
“သေဆုံးမှုနဲ့ ဒဏ်ရာရရှိမှုကတော့ ဒီထက်တိုးလာစရာရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ရစ်(ခ်)တာ စကေး ၇ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးတိုင်းတို့နှင့် နေပြည်တော်၊ ရှမ်းအရှေ့မြောက်တို့တွင် ထိခိုက်သေဆုံးမှု ပျက်စီးဆုံးရှုံးမှု များပြီး ငလျင်ဒဏ်သင့် အရေးပေါ်အခြေအနေအဖြစ် စစ်ကောင်စီက သတ်မှတ် ကြေညာထားသည်။