ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် ဆောက်လက်စ အထပ်မြင့် အဆောက်အအုံ ပြိုကျမှုဖြစ်ပွားရာ သေဆုံးသူ မြန်မာနိုင်ငံသားအပါအဝင် ၅ ဦး ရှိလာပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
ပြိုကျနေသော အဆောက်အအုံ အပျက်အစီးများအောက်က အလုပ်သမား ၉ ဦးကို ကယ်ထုတ်ထားနိုင်ပြီး ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း၊ လက်ရှိအချိန်အထိ အဆောက်အအုံထဲ ၁၁၇ ဦး ပျောက်ဆုံးနေဆဲဖြစ်သဖြင့် ရှာဖွေကယ်ဆယ်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
ယနေ့ နေ့လယ်ပိုင်း ငလျင်ကြောင့် ဘန်ကောက်မြို့ ချာတူးချက်ဒေသတွင် ဆောက်လက်စ အဆောက်အအုံထဲ အလုပ်သမားများ အလုပ်လုပ်ကိုင်နေချိန် ပြိုကျခဲ့ခြင်းဖြစ်သည်။
အဆောက်အအုံ ပြိုကျမှုကြောင့် သေဆုံးသူများတွင် မြန်မာနိုင်ငံသား အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၃ ဦးရှိလာပြီဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် အလုပ်သမားသံအရာရှိရုံး ဥပဒေအကြံပေး ဦးအောင်မျိုးသန့်က လူမှုကွန်ရက်တွင် ရေးသားသည်။
သေဆုံးသူ ငါးဦးအနက် ကျန်နှစ်ဦးမှာ မြန်မာနိုင်ငံသား ဟုတ်မဟုတ် စုံစမ်းနေဆဲဖြစ်သည်။
ညနေပိုင်းတွင် ပြိုကျသော နေရာသို့ ဝန်ကြီးချုပ်ကိုယ်တိုင် ရောက်ရှိလာပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အရေးပေါ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။
လက်ရှိတွင် ဘန်ကောက်မြို့ကို အရေးပေါ်အခြေအနေ ကြေညာထားပြီး အထပ်မြင့် အဆောက်အအုံများနှင့် ဆောက်လက်စတိုက်များတွင် နေထိုင်မှုကို ဂရုစိုက်ကြရန် ဝန်ကြီးချုပ်က သတိပေးထားသည်။
ငလျင်ကြောင့် မိုးပျံရထားများ ပိတ်ထားပြီး ကားလမ်းများလည်း ပိတ်နေချိန် ပန်းခြံများထဲ ခိုလှုံနိုင်ရန် ဘန်ကောက်မြို့တော်ဝန်ကလည်း စီစဉ်ထားပေးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။


