မြန်မာပြည်အလယ်ပိုင်းတွင် ယနေ့ (သောကြာနေ့) လှုပ်ခတ်ခဲ့သည့် ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ဒဏ်ကြောင့် ဘေးသင့်ခဲ့သူများကို ကူညီရန် လူ ၁၂၀ ပါဝင်သည့် ကယ်ဆယ်ရေးအဖွဲ့တစ်ခု အရန်သင့် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ထိုင်ဝမ်အမျိုးသားမီးသတ်ဌာနက ထုတ်ပြန်လိုက်သည်။
အဆိုပါ ကယ်ဆယ်ရေးအဖွဲ့တွင် ကယ်ဆယ်ရေးမီးသတ်တပ်ဖွဲ့ဝင်များအပြင် ဆရာဝန် ၅ ဦး ၊ သူနာပြု ၇ ဦး ၊ တိရစ္ဆာန်ဆေးကုဆရာဝန် ၁ ဦး ၊ ရှာဖွေရေးခွေး ၆ ကောင်လည်း ပါဝင်ကြောင်း သိရသည်။
ငလျင်ဘေးသင့်သူများကို ကူညီပေးရန် အထောက်အကူပြုပစ္စည်းများ အလေးချိန် ၁၅ တန် ပြင်ဆင်ထားကြောင်း ထိုင်ဝမ်အမျိုးသားမီးသတ်ဌာနက ဆိုသည်။
Facebook ပေါ်တွင် မြင်တွေ့ရသည့် မြန်မာပြည်မှ ငလျင်ဘေးဒဏ်အခြေအနေများပေါ် စိုးရိမ်ပူပန်ကြောင်း ထိုင်ဝမ်သမ္မတနှင့် ဝန်ကြီးချုပ်နှစ်ဦးစလုံးက ထုတ်ဖော်ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံကသာ အကူအညီတောင်းခံလာလျှင် အဆိုပါ ကယ်ဆယ်ရေးအဖွဲ့က လာရောက်ကူညီရန် အသင့်ရှိကြောင်းလည်း ပြောဆိုခဲ့သည်။
မန္တလေးမြို့မှ အဆောက်အဦးတစ်ခု ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့ရာတွင် ထိုင်ဝမ်နိုင်ငံသားတစ်ဦးလည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မြန်မာပြည်မှ ငလျင်လှုပ်ခတ်မှု နောက်ဆက်တွဲအခြေအနေများကို အနီးကပ်စောင့်ကြည့်သွားမည်ဟု ထိုင်ဝမ်ပညာရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားသည်။
Source: Focus Taiwan