မြိတ်မြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ် ၁၀၃ ခြေလျင်တပ်ရင်းက ယာယီတပ်ရင်းမှူး ဗိုလ်မှူးသိန်းထိုက်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဖမ်းဆီးရမိကြောင်း မြိတ်ခရိုင်၊ PDF အမှတ်(၁)တပ်ရင်းထံမှ သိရသည်။
မတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် အရပ်သားခရီးသည် ဟန်ဆောင်ထားသည့် ခလရ ၁၀၃ ၏ ယာယီတပ်ရင်းမှူးဗိုလ်မှူးသိန်းထိုက်ကို အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မြိတ်ခရိုင်၊ PDF အမှတ်(၁) တပ်ရင်းနှင့် KNDO တပ်ရင်း ၇တို့က ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အသက် ၄၀ နှစ်အရွယ် ယာယီတပ်ရင်းမှူးဗိုလ်မှူးသိန်းထိုက်ကို ရန်ကုန်သို့သွားမည့် ခရီးသည်တင်ကားပေါ်တွင် စစ်ဆေးဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင်၊ PDF အမှတ် (၁) တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ဆိုသည်။
“မိတာက ကျွန်တော်တို့က စစ်ဆေးရေးဂိတ်မှာ ခရီးသည်ကားတွေကို စစ်ဆေးရင်း အိမ်ထောင်စုစာရင်းတွေနဲ့ တွေ့တာ။ သူကိုယ်တိုင်ကလည်း ဝန်ခံတယ်” ဟု ကိုအာနိုးက ပြောသည်။

ယာယီတပ်ရင်းမှူးဗိုလ်မှူးသိန်းထိုက်သည် တိုက်ပွဲပြင်းထန်နေသည့် တနင်္သာရီမြို့နယ်အတွင်း ၆လခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်ကြောင်းထိုးချိန် တိုက်ခိုက်ခံရပြီးနောက် ထွက်ပြေးလာခြင်းဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးထံမှ သိရသည်။
လက်ရှိတွင် ဖမ်းဆီးရမိသည့် ဗိုလ်မှူးသိန်းထိုက်ကို တပ်ရင်းတွင် ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းနေကြောင်း မြိတ်ခရိုင်၊ အမှတ်(၁) PDF တပ်ရင်းက ထုတ်ပြန်ထားသည်။
အမှတ် ၁၀၃ ခြေလျင်တပ်ရင်းသည် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်ရင်းဖြစ်ပြီး မြိတ်တွင် အခြေစိုက်ထားသည်။