ပြည်သူများအနေဖြင့် ၂၄ နာရီအတွင်း ပေါ်ပေါက်လာဖွယ်ရှိသည့် နောက်ဆက်တွဲငလျင်များကို သတိပြုနေထိုင်ကြရန် ထိုင်းဝန်ကြီးချုပ်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်သည်။
လက်ရှိဖြစ်ပေါ်နေသည့် ငလျင်ပြဿနာကို ထိုင်းအစိုးရဝန်ကြီးဌာနများအားလုံး စုပေါင်း၍ ကိုင်တွယ်ကြရန်လည်း ထိုင်းဝန်ကြီးချုပ်က အမိန့်ထုတ်ထားသည်။
ပြည်သူလူထုအား ငလျင်အရေးပေါ်အသိပေးချက်များနှင့် အကာအကွယ်များ ပံ့ပိုးပေး၇န်အတွက် အရေးပေါ်ဆောင်ရွက်ချက်များကိုလည်း ထိုင်းအစိုးရက လုပ်ဆောင်လျက် ရှိသည်။
ပြည်သူများထံသို့ လုံခြုံရေးလမ်းညွှန်ချက်များကို SMS စာတိုပေးပို့ရန်လည်း ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူ့အဖွဲ့အစည်းဝန်ကြီးဌာနကို ထိုင်းဝန်ကြီးချုပ်က ညွှန်ကြားထားသည်။
ထိုင်းအစိုးရ သဘာဝသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက မြေငလျင်လှုပ်ရှားမှုကို လေ့လာစောင့်ကြည့်လျက်ရှိပြီး နောက်ထပ် တုန်ခါမှုများ ဖြစ်နိုင်ဖွယ်ရှိမရှိ ခန့်မှန်းလျက် ရှိသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များကိုလည်း ပြည်သူလူထုလုံခြုံရေးအတွက် အသင့်ရှိနေစေရန် တပ်လှန့်ထားသည်။
ငလျင်တစ်ခု လှုပ်ခတ်ပြီးလျှင် နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်သည်မှာ အတွေ့ရများကြောင်း ၊ ကနဦးငလျင်လှုပ်ခတ်ပြီးနောက် နှစ်နာရီအတွင်းတွင် ယင်းနောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်လေ့ရှိကြောင်း ကျွမ်းကျင်သူများက ဆိုသည်။ သို့သော် အဆိုပါ နောက်ဆက်တွဲငလျင်များက ပိုအားပျော့လေ့ရှိကြောင်းလည်း ၎င်းတို့က ပြောသည်။
ထိုင်းအစိုးရ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ခရီးသွားလာရေးအခြေခံအဆောက်အအုံအားလုံးကို စောင့်ကြည့်စစ်ဆေးလျက် ရှိသည်။
ယနေ့ မွန်းလွဲပိုင်းတွင် ပထမဆုံး ငလျင်လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက် ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်တွင် လေကြောင်းပျံသန်းမှုလုပ်ငန်းစဉ်များကို မိနစ် ၂၀ ခန့် ယာယီရပ်ဆိုင်းထားခဲ့နောက် ပြန်လည်စတင်ခဲ့သည်။
နောက်ထပ်ဖြစ်ပေါ်လာဖွယ်ရှိသည့် သေဆုံးထိခိုက်မှုများအတွက် အဆင်သင့် တုံ့ပြန်ဆောင်ရွက်ရန် ဆေးဝါးအထောက်အပံ့ပစ္စည်းများနှင့် အရေးပေါ်ဝန်ဆောင်မှုပစ္စည်းများကို ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက အရန်သင့်ပြင်ဆင်ထားသည်။
ပြည်သူများအနေဖြင့် ထိုင်းအစိုးရပိုင် NBT ရုပ်သံလိုင်းမှ အချိန်နှင့်တပြေးညီထုတ်လွှင့်ချက်များကို စောင့်ကြည့်ကြရန်လည်း ထိုင်းအစိုးရက တိုက်တွန်းထားသည်။
အထပ်မြင့်အဆောက်အအုံများတွင် နေထိုင်သူများအနေဖြင့် ဓာတ်လှေကား အသုံးပြုခြင်းကို ရှောင်ကြဉ်ပြီး လဟာပြင်နေရာလွတ်များတွင် နေကြရန် ထိုင်းဝန်ကြီးချုပ်က တိုက်တွန်းထားသည်။
အကြောင်းအမျိုးမျိုးကြောင့် နေအိမ်ပြန်ရန် အခက်အခဲရှိနေသည့် ပြည်သူများအတွက် အများပြည်သူပန်းခြံများကို ညလုံးပေါက်ဖွင့်ပေးထားရန် ပြည်သူများအတွက် သောက်သုံးရေးနှင့် ရွေ့လျားအိမ်သာများ ထောက်ပံ့ပေးရန် ဘန်ကောက်မြို့တော်ဝန်က အမိန့်ထုတ်ထားသည်။
Source: Inquire.Net