BREAKING
March 31, 2025

နှစ်ပတ်ကျော်ကြာ ပျောက်ဆုံးနေသည့် ၇ နှစ်အရွယ် မြိတ်မြို့က မိန်းကလေး ပြန်တွေ့

March 28, 2025

အချိန်နှစ်ပတ်ကျော်ကြာ ပျောက်ဆုံးနေသည့် မြိတ်မြို့က အသက် ၇ နှစ်အရွယ် မသီသီဝင်းကို ခေါ်ဆောင်သွားသည့် ဘုန်းကြီးနှင့်အတူ ပြန်လည်တွေ့ရှိခဲ့ကြောင်း ပုလောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံမှ သိရသည်၊

ယနေ့ နံနက် ၉ နာရီခွဲဝန်းကျင်တွင် သရက်ချောင်းမြို့နယ်အတွင်းရှိ KNU ၏ စစ်ဆေးရေးဂိတ်တစ်ခုဖြစ်သည့် ပဲဒက်ရွာဂိတ်တွင် တာဝန်ကျနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဘုန်းကြီးနှင့်အတူ မိန်းကလေးငယ်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပုလောမြို့နယ် ပအဖ တာဝန်ရှိသူက ဆိုသည်။

ပဲဒက်ရွာ စစ်ဆေးရေးဂိတ်အနီးရှိ မိုက်ခရိုဝေ့စခန်းဝန်းကျင်တွင် လမ်းလျှောက်နေသည်ကို KNU တပ်ဖွဲ့ဝင်များက တွေ့ရှိရာက ဖမ်းမိခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၁၄ ရက် နံနက်ပိုင်းတွင် မြိတ်မြို့၊ မြိတ်တောင်အုပ်စု၊ တရုတ်တန်းရပ်၊ အေးမြဖြူစင်လမ်းမှ အသက် ၇ နှစ်အရွယ် မသီသီဝင်းသည် အခြားကလေးငယ်များနှင့်အတူ ရပ်ကွက်အတွင်း ကစားနေစဉ် ဘုန်းကြီးတစ်ပါးက လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်သည်။

“ကျွန်တော်တို့ဘက်က အဲဒီဘုန်းကြီးနဲ့ ပျောက်သွားတဲ့ ကလေးအကြောင်း အဲနေရာက အဖွဲ့တွေကိုလည်း လှမ်းအကြောင်းကြားထားတာ။ ဒီနေ့မနက်ပိုင်းမှာတွေ့ရှိကြောင်း ပြန်အကြောင်းကြားလာပါတယ်” ဟု ပုလောမြို့နယ် ပအဖ တာဝန်ရှိသူကပြောသည်။

တော်လှန်ရေးတပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်သဖြင့် ယင်းကဲ့သို့ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့အနေဖြင့် ပြည်သူ့အတွက်လုပ်ငန်းတစ်ခုကို ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်ရင်း အဆင်ပြေသွားတာ”ဟု ပအဖ တာဝန်ရှိသူက‌ေပြာသည်။

လက်ရှိတွင် ခေါ်သွားသည့် ဘုန်းကြီးကို တော်လှန်ရေးတပ်ဖွဲ့ အုပ်ချုပ်ရေးအဖွဲ့များက စစ်ဆေး‌နေပြီး ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူကဆိုသည်။

မိန်းကလေးငယ်ကိုမူ မိသားစုထံဆက်သွယ်ပြီး ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါ နီးစပ်သူက ထံမှသိရသည်။