BREAKING
March 31, 2025

ရေဖြူတွင် ငလျင်လှုပ်ပြီးချိန် တိုက်ပွဲထပ်ဖြစ်၍ ဒေသခံများ ထိတ်လန့်

March 28, 2025

ငလျင်လှုပ်ခတ်မှုကြောင့် စိုးရိမ်ထိတ်လန့်နေသော်လည်း ငလျင်လှုပ်ပြီး မိနစ်ပိုင်းအကြာ (ယနေ့ မွန်းလွဲ ၁ နာရီအချိန်)တွင် ရေဖြူမြို့ပေါ်၌ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ ပိုမိုထိတ်လန့် ကြောက်ရွံ့နေကြကြောင်းသိရသည်။

မတ်လ ၂၈ ရက် ယနေ့ မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်အချိန်တွင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အင်အား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိ ငလျင်တစ်ခု ပြင်းပြင်းထန်ထန်လှုပ်ခတ်ခဲ့သည်။

ယင်းသို့ လှုပ်ခတ်ခဲ့ပြီးနောက် ယနေ့ မွန်းလွဲ ၁ နာရီတွင် ရေဖြူမြို့ ရှိ ထားဝယ်မြစ်ကူးတံတား စစ်ဆေးရေးဂိတ်တွင် တော်လှန်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ စတင်ဖြစ်ပွားရာ ဒေသခံများ စိုးရိမ်ထိတ်လန့်ခဲ့ရကြောင်း ဒေသခံများကပြောသည်။

ငလျင်ကြောင့် လမ်းပေါ်ထွက်ပြေးနေရချိန် စစ်ကောင်စီတပ်မှပစ်ခတ်သည့် လက်နက်ကြီး များ ကျရောက်လာသည့်အတွက် ပိုမိုစိုးရိမ်ထိတ်လန့်လျက်ရှိကြကြောင်း မြို့ခံများကပြောသည်။

“ငလျင်ကြောင့် အိမ်ထဲက ထွက်ပြေးရပြီးပြီ တစ်ခါ တိုက်ပွဲဖြစ်ပြီးလက်နက်ကြီးတွေကြောင့် ပုန်းနေရ‌ပြန်တယ် “ဟု ရေဖြူမြို့ဒေသခံတစ်ဦးကပြောသည်။

နှစ်ဖက်တိုက်ပွဲဖြစ်ချိန် မိနစ် ၃၀ ခန့်ကြာပြီး ယနေ့ ညနေ ၃ နာရီဝန်းကျင်အထိ စစ်ကောင်စီတပ်ဖက်မှာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသေးကြောင်း ဒေသခံများကပြောသည်။

ယင်းလက်နက်ကြီးများမှာ ရေဖြူမြို့ရှိ လူနေအိမ်များပေါ် ကျရောက်ပေါက်ကွဲလျက်ရှိပြီး ထိခိုက်မှု အရေအတွက်နှင့် အသေးစိတ်အခြေအနေများကိုမူ စုံစမ်းနေဆဲဖြစ်သည်။

အင်အားအလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်း၊မန္တလေး၊နေပြည်တော်တို့ရှိ အဆောက်အအုံများ ပြိုကျပျက်စီးလျက်ရှိပြီး မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ မကွေး ၊ ပဲခူးနှင့် ရှမ်း(အရှေ့) တို့ကို အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ကြောင်း စစ်ကောင်စီက ယနေ့ကြေညာလိုက်သည်။