နောက်ဆက်တွဲ ငလျင်ငယ်များ ဆက်လက်လှုပ်ခတ်နိုင်သဖြင့် သတိထားနေထိုင်ကြရန်လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိပေးချက် ထုတ်ထားသည်။
စစ်ကိုင်းမြို့အနီး ဗဟိုပြုကာ ရစ်(ခ်)တာ စကေး ၇ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ပဲခူးတို့တွင် လူသေဆုံးမှုများနှင့် ထိခိုက်ပျက်စီးမှုများ ရှိကြောင်း ဖော်ပြသည်။
နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်နိုင်သောကြောင့် ယိုင်နဲ့သွားသည့် အဆောက်အအုံများတွင် ဆက်လက် မနေထိုင်ကြရန်၊ ဆည်တာတမံများ အက်ကွဲမှု ရှိမရှိ စစ်ဆေးပြီး လိုအပ်လျှင် ကြိုတင် ရွှေ့ပြောင်းကြရန်၊ ဒေသအချို့တွင် ငလျင်ကြောင့် သဲအရည်ပျော်ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် သတိပြုနေထိုင်ကြရန်လည်း အသိပေးထားသည်။



နောက်ဆက်တွဲ ငလျင်အဖြစ် ရွှေဘိုဘက်တွင်လည်း ရစ်(ခ်)တာ စကေး ၄ဒသမ ၈ အဆင့်ရှိ ငလျင်ငယ်များ ထပ်မံလှုပ်ခတ်ကြောင်း အမေရိကန်ငလျင်ဌာနက ထုတ်ပြန်ထားသည်။
ရစ်(ခ်)တာ စကေး ၇ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတံတားဟောင်း ပြိုကျပြီး အနီးအနားတွင် မြေကြီးများ အက်ကွဲခဲ့သည်။ မန္တလေးတွင် လေဆိပ်၊ လူနေ ထပ်မြင့်တိုက်များ၊ ဘုန်ကြီးကျောင်းများ ပြိုကျခြင်း တိမ်းစောင်းခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ရှမ်းပြည်နယ် အောင်ပန်းမြို့၊ နေပြည်တော်တို့လည်း အဆောက်အအုံများ ပြိုကျပျက်စီးခဲ့သည်။
စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနကမူ ယနေ့ ညနေ ၃နာရီခွဲခန့်အထိ ငလျင်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။