BREAKING
March 31, 2025

အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်းတံတားဟောင်းပြိုကျ၊ မန္တလေး၊ အောင်ပန်းမြို့တို့တွင် တိုက်များပြိုကျ

March 28, 2025

ရစ်(ခ်)တာ စကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတံတားဟောင်း ပြိုကျပြီး မန္တလေးနှင့် အောင်ပန်းမြို့တို့တွင် တိုက်များပြိုကျ၊ တိမ်းစောင်းသွားကြောင်း လူမှုကွန်ရက်တွင် ဖော်ပြကြသည့် ရုပ်သံ၊ ဓာတ်ပုံမှတ်တမ်းများအရ သိရသည်။

ယနေ့ မွန်းလွဲ ၁နာရီခန့်တွင် စစ်ကိုင်းမြို့ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာ အကွာ အနက် ၁၀ မီတာတွင် ဗဟိုပြုကာ လှုပ်ခတ်ခြင်းဖြစ်ပြီး မြန်မာအပြင် ထိုင်း၊ လာအို၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်တို့ကို သက်ရောက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်သည်။

မန္တလေး တံတားဦးလေဆိပ်တွင်လည်း ပျက်စီးက ခရီးသွားပြည်သူများ ထွက်ပြေးတိမ်းရှောင်ကြရသည်ကို ရုပ်သံမှတ်တမ်းများတွင် တွေ့ရပြီး ဘုန်းကြီးကျောင်းများ အပါအဝင် သာသနိက အဆောက်အအုံများ၊ ဟိုတယ်နှင့် လူနေ အထပ်မြင့်တိုက်များ ပြိုကျခြင်း၊ တိမ်းစောင်းသွားခြင်း၊ မန္တလေး နန်းမြို့ရိုးပြိုကျခြင်း တို့ကိုလည်း တွေ့ရသည်။

စစ်ကိုင်းတံတားဟောင်းအနီးတွင် မြေကြီးများ အက်ကွဲခဲ့သည်ကိုလည်း ရုပ်သံမှတ်တမ်းများတွင် တွေ့ရသည်။

ရှမ်းပြည်နယ် အောင်ပန်းမြို့တွင်လည်း တိုက်များပြိုကျသည်ကို တွေ့ရသည်။

ယင်းအပြင် ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ စစ်ကိုင်း၊ မကွေး၊ ကလေး၊ ကျောက်ဆည်၊ မူဆယ်၊ ယင်းမာပင်၊ ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံအနှံ့ မြို့များတွင် လှုပ်ခတ်သွားကြောင်း ပြည်တွင်းနှင့် ဒေသတွင်း သတင်းများတွင် ဖော်ပြချက်များအရသိရသည်။

ယခုငလျင်ဖြစ်စဉ်မတိုင်မီ ယခုလ မတ်လ ၅ ရက်တွင် ဧရာဝတီ၊ စစ်ကိုင်း၊ ရန်ကုန်၊ ရှမ်းစသည့် တိုင်းနှင့် ပြည်နယ်တို့တွင် တစ်ရက်တည်း ငလျင်ခြောက်ကြိမ်လှုပ်ခတ်ခြင်း၊ မတ်လ ၃ရက်ကလည်း ရန်ကုန်နှင့် မကွေးတိုင်း မင်းဘူးမြို့နယ်တို့တွင် ငလျင်လှုပ်ခတ်ခြင်းတို့ကြောင့် ငလျင်ကြီးကြီးမားမား လှုပ်ခတ်မည်ကို ပြည်သူများကြား စိုးရိမ်မှု မြင့်တက်ခဲ့သေးသည်။

ယနေ့ ငလျင်လှုပ်ခတ်ရာတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်လည်း ဆောက်လက်စ တိုက်ပြိုကျခြင်းအပါအဝင် မြန်မာနိုင်ငံများရှိသည့် ချင်းမိုင်၊ မဟာချိုင် စသည့်မြို့များတွင်လည်း ငလျင်ဒဏ်ကို သိသိသာသာခံစားခဲ့ရသည်။