ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တွင်လည်း ယနေ့နေ့လယ် ၁၂နာရီ ၅၄ မိနစ်အချိန့်ခန့်တွင် ငလှုပ်ခတ်ခဲ့ကြောင်း ဒေသခံများထံ ဆက်သွယ်မေးမြန်းချက်အရသိရသည်။
ထားဝယ်ခရိုင် အတွင်းရှိ ထားဝယ် ၊ ရေဖြူ ၊ လောင်းလုံး မြို့နယ်များရှိ ဒေသခံများထံ ဆက်သွယ်မေးမြန်းရာတွင် ငလျင်လှုပ်ခတ် သွားသည်ကို ကြုံလိုက်ရကြောင်း ပြောဆိုကြသည် ။
“အလုပ်လုပ်ရင်း ခေါင်းမူးသလိုဖြစ်ပြီး ဝေသလိုဖြစ်လာတယ်။ ပြီးမှ သူများတွေက ငလျင်လှုပ်နေတယ်ဆိုပြီး တိုက်အပြင် ထွက်ပြေးတယ်။ ၄ မိနစ်လောက်ပဲ လှုပ်သလိုဖြစ်သွားတယ် ” ဟု ထားဝယ်မြို့ က ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုတွင်အလုပ်လုပ်နေသည့် အလုပ်သမားတစ်ဦးကပြောသည် ။
မြိတ်ခရိုင်တွင်လည်း မြိတ်မြို့ပေါ်အပြင် ကျွန်းများရှိ ကျေးရွာများတွင်ပင် ငလျင်လှုပ်ခတ်သွားသည်ကို ကြုံရကြောင်း ဒေသခံများကဆိုသည်။
“မြိတ်မြို့ပေါ်လည်းလှုပ်တယ်။ ကျွန်းဘက်က စခန်းသစ်ရွာဘက်ကို မေးကြည့်လည်း လှုပ်သွားတယ်လို့သိရတယ် ” ဟု မြိတ်ဒေသခံ တစ်ဦးကပြောသည် ။
ငလျင်ကြောင့် မြိတ်နှင့်ထားဝယ်တွင် အဆောက်အအုံ ပျက်စီးမှု ၊ လူထိခိုက်မှုအနေဖြင့် ကြားသိရခြင်းမရှိသေးပေ။
ကော့သောင်းမြို့တွင်မူ ငလျင်လှုပ်ခတ် မှုမရှိကြောင်း မြို့ခံများထံကသိရသည် ။
မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် မြန်မာနိုင်ငံစစ်ကိုင်းမြို့၏ ၁၆ ကီလိုမီတာအကွာ မှာ အင်အား ၇ ဒသမ ၇ ပမဏရှိ အလွန်အားပြင်းသည့်ငလျင် လှုပ်ခတ်ခဲ့ကာ အနက် ၁၀ ကီလိုမီတာ အနက်မှ ဇောက်တိမ် အမျိုးအစားဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် အိန္ဒိယ လာအို ထိုင်း မြန်မာနှင့် တရုတ်တို့တွင် သက်ရောက်ခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ ၏ လူသားချင်းစာနာထောက်ထားရေး နှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ငလျင်လှုပ်ခတ်ခြင်းကို ရန်ကုန် ၊ မန္တလေးမြို့ကြီးများအပါအဝင် မြန်မာနိုင်ငံ နေရာအနှံအပြားတွင် တပြိုင်တည်း ကြုံတွေ့ခဲ့ရကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြနေကြသည် ။