မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာကျေးရွာတွင် အမျိုးသားတစ်ဦး မတ်လ ၂၇ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာကျေးရွာ၊ တိုးချဲ့ကွက်သစ်နေ အသက် ၅၃ နှစ်အရွယ် ဦးစိုးမင်းဦးမှာ နေအိမ်အောက် ကွပ်ပစ်တွင်ရှိနေစဉ် အမည်မသိ သေနတ်သမားနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်လာပြီး ပစ်ခတ်သွားခြင်းဖြစ်သည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးစိုးမင်းဦးသည် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့သည်။
“သေနတ်သမားက နှစ်ဦး သူတို့က ဆိုင်ကယ်နဲ့ ရောက်လာပြီး။ အိမ်အောက်က ကွပ်ပျစ်မှာ ထိုင်နေတဲ့ ဦးစိုးမင်းဦးကို သေနတ်သမားတစ်ယောက်က ဝင်လာပြီးတော့ ပစ်ထည့်သွားတာ” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။
ဦးစိုးမင်းဦးသည် ကျိုက္ကသာကျေးရွာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကျေးကော်မတီဝင်တစ်ဦးဖြစ်သည်ဟု ပြောသည်။

ဦးစိုးမင်းဦးကို မည်သည့်အကြောင်းကြောင့် ယခုလို ပစ်သတ်ခံရသည်ကို အတိအကျမသိရသေးသော်လည်း နိုင်ငံရေးပါတီဝင်ဖြစ်မှုနှင့် ဆက်စပ်နိုင်သည်ဟု ဒေသခံတို့အကြား သုံးသပ်ပြောဆိုနေကြသည်။
စစ်ကောင်စီထောက်ခံတယ်လီဂရမ်ချန်နယ်မှာတော့ ဦးစိုးမင်းဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့က ပစ်ခတ်သွားသည်ဟု ရေးသားဖော်ပြနေသော်လည်း ဒေသတွင်း လှုပ်ရှားနေသည့် PDF တပ်ဖွဲ့တို့က တစ်စုံတစ်ရာ ထုတ်ပြန်လာခြင်းမရှိသေးပေ။
ဦးစိုးမင်းဦး ပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က လာရောက် စစ်ဆေးမှု လုပ်ဆောင်ခဲ့ပြီး၊ ရုပ်အလောင်းကို ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
မွန်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူ၊ ပူးပေါင်းသူ၊ စစ်ကောင်စီထောက်တိုင်၊ စစ်ကောင်စီသတင်းပေးဆိုသူတို့အပြင် နိုင်ငံရေးပါတီဝင်များကို ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့က မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။