ကော့သောင်းအကျဉ်းထောင်တွင် ထောင်ဒဏ်ချမှတ်ခံရထားရသည့် ထိုင်းလူမျိုးငါးဖမ်းလုပ်သား ၄ ဦးကို လွတ်ငြိမ်းဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း စစ်ကောင်စီက မတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။
ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ဧပြီလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပမည့် BIMSTEC အဖွဲ့၏ ၆ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်လည်း တက်ရောက်မည်ဖြစ်သည်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်၏ ပထမဆုံး ဘန်ကောက်ခရီးစဉ် မစတင်ခင် ရက်ပိုင်းအလိုတွင် ထိုင်းငါးဖမ်းသမားများကို လွတ်ငြိမ်းချမ်သာခွင့်ဖြင့် လွှတ်ပေးလိုက်ခြင်းဖြစ်သည်။
ယင်းထိုင်းငါးဖမ်းလုပ်သားလေးဦးမှာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက မြန်မာပင်လယ်ပြင်အတွင်း ပစ်ခတ်ဖမ်းဆီးခံထားရသူများဖြစ်ပြီး ၎င်းတို့ကို လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခြင်းဖြစ်သည်။
နှစ်နိုင်ငံဆက်ဆံရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့်ဆိုကာ ကော့သောင်းအကျဉ်းထောင်က ထိုင်းနိုင်ငံသား ၄ ဦးနှင့် ဘားအံအကျဉ်းထောင်က ဖိလစ်ပိုင်နိုင်ငံသား ၃ ဦးကို လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ထိုင်းဝန်ကြီးချုပ်ကလည်း ထိုင်းငါးဖမ်းလုပ်သား လေးဦးကို ပြန်လွှတ်ပေးရန် ဆုံးဖြတ်ခဲ့သည့်အပေါ် စစ်ကောင်စီကို ကျေးဇူးတင်ကြောင်း ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်သည်။
ကော့သောင်းအကျဉ်းထောင်က ပြန်လွှတ်ပေးလိုက်သည့် ထိုင်းနိုင်ငံသားလေးဦးမှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က ကော့သောင်း-ရနောင်းနယ်စပ် ပင်လယ်ပြင်တွင် မြန်မာစစ်ကောင်စီရေတပ်က ပစ်ခတ်ဖမ်းဆီးခဲ့သော ထိုင်းငါးဖမ်းလှေက ရေလုပ်သား လေးဦးဖြစ်ကြောင်း ထိုင်းသတင်းဌာနများကလည်း ဖော်ပြသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့က စစ်ကောင်စီက ထိုင်း-မြန်မာနယ်စပ် ပင်လယ်ပြင်ထဲတွင် ထိုင်းငါးဖမ်းလှေများကို ပစ်ခတ်ခဲ့ပြီးနောက် ထိုင်းငါးဖမ်းလှေတစ်စီးအပါအဝင် ထိုင်းငါးဖမ်းလုပ်သား လေးဦးနှင့် မြန်မာငါးဖမ်းလုပ်သား ၂၇ ဦးကို ဖမ်းဆီးသွားခဲ့သည်။
ထိုနောက် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် မြန်မာငါးဖမ်းလုပ်သား ၂၇ ဦးနှင့် ထိုင်းငါးဖမ်းလုပ်သား ၃ ဦးကို စစ်ကောင်စီ၏ ကော့သောင်းတရားရုံးက ထောင်ဒဏ် ၄ နှစ်စီ အမိန့်ချခဲ့ပြီး ထိုင်းလူမျိုး ငါးဆရာကိုမူ ထောင်ဒဏ် ၆ နှစ်နှင့် ဒဏ်ငွေအဖြစ် ဘတ်နှစ်သိန်း ချမှတ်ခဲ့သည်။
စစ်ကောင်စီက ထိုင်းရေလုပ်သားလေးဦးကို ယခုလွတ်ငြိမ်းဖြင့် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး မြန်မာငါးဖမ်းလုပ်သား ၂၇ ဦး၏ အခြေအနေကို မသိရသေးပေ။

မြန်မာငါးဖမ်းလုပ်သားများမှာ ကော့သောင်းအကျဉ်းထောင်တွင် ထောင်ကျခံနေရဆဲဖြစ်ကြောင်း ဖမ်းဆီးထောင်ချခံထားရသည့် မြန်မာရေလုပ်သားတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။
လှေတစ်စီးတည်းပေါ်တွင် အတူဖမ်းမိကြသော်လည်း နိုင်ငံခြားသားရေလုပ်သားများကိုသာ ပြန်လွှတ်ပေးပြီး မြန်မာရေလုပ်သားများကို ပြန်မလွှတ်ပေးခြင်းမှာ တရားမျှတမှုမရှိကြောင်း ၎င်း ဆိုသည်။
“ကိုယ့်မြန်မာတွေ အချင်းချင်းဆို ပြန်မလွှတ်ပေးချင်ဘူးလေ။ သူတို့(ရေလုပ်သား)တွေကို စစ်တပ်ထဲ ခေါ်သွင်းချင်နေတာထင်တယ်။ အခုဟာက မတရားဘူးလို့ ခံစားရတယ်”ဟု အထက်ပါ မိသားစုဝင်က ပြောသည်။
ရေလုပ်သားများမှာ ငါးဆရာဖြစ်သူ လှေမောင်းနှင်သည့်အတိုင်းလိုက်ပါ အလုပ်လုပ်ရသူများဖြစ်သည့်အတွက် ရေပိုင်နက်ကျော်လွန်ခြင်းရှိမရှိ မသိကြဘဲ အဖမ်းခံရခြင်းဖြစ်ကြောင်း ရနောင်းမြို့အခြေစိုက် ရေလုပ်သား အခွင့်အရေးကွန်ရက်က ကိုရဲသူက ဆိုသည်။
ထိုနောက် ဖမ်းဆီးထောင်ချခံရချိန်တွင်လည်း ထိုင်းလူမျိုးငါးဖမ်းသမားများကိုသာလွှတ်ပေးပြီး မြန်မာငါးဖမ်းသမားများကို ပြန်မလွှတ်ပေးခြင်းမှာ တရားမျှတမှုမရှိကြောင်း ၎င်းက ပြောသာ်။
“ရေလုပ်သား ၃၁ယောက်လုံး လွှတ်ပေးဖို့ တောင်းဆိုထားတယ်။ အခုလို ထိုင်းပဲလွှတ်ပေးတယ် မြန်မာတွေမလွှတ်ဘူးဆိုတော့ နှစ်ဆပိုပီး တရားမျှတမှုမရှိဘူးဆိုတာ သိတာနေတာပဲလေ။ ထိုင်းရောမြန်မာရော ၃၁ယောက်စလုံးချက်ချင်းလွှတ်ပေးသင့်ပါတယ်”ဟု ကိုရဲသူက ဆိုသည်။
အဆိုပါ မြန်မာရေလုပ်သားများ၏ မိသားစုဝင်များမှာ လက်ရှိအချိန်အထိ ငါးဖမ်းလှေသူဌေး၏ ထောက်ပံ့မှုတစ်စုံတစ်ရာ မရခဲ့ကြောင်း မိသားစုဝင်အချို့ထံမှ သိရသည်။
Ref: The Nation Thailand, Khoasod English, Thai Enquirer