BREAKING
March 31, 2025

အမေရိကန်က ဂရင်းလန်းကို သိမ်းပိုက်လျှင် အာတိတ်ဒေသ စစ်ဖြစ်နိုင်ကြောင်း ပူတင် သတိပေး

March 28, 2025

အမေရိကန်နိုင်ငံသည် ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရေးကို အလေးအနက်ထားနေသည့်အတွက် အာတိတ်ဒေသရှိ ရုရှားအကျိုးစီးပွားများကို စစ်ရေးအရ ကာကွယ်ရန် အသင့်ရှိနေပြီး ယင်းသို့ လုပ်ဆောင်ရန် စိတ်ဆန္ဒလည်း ရှိကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ထုတ်ဖော်ပြောဆိုလိုက်သည်။

ယခုနှစ် ဇန်နဝါရီလတွင် အာဏာရလာပြီးကတည်းက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ဒိန်းမတ်ပိုင် ဂရင်းလန်းကျွန်းကို သိမ်းပိုက်မည့်အရေး ပြောဆိုလာခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်းကို ဝယ်ယူရန် ရှေ့ဆက်လုပ်ဆောင်လျှင် ရုရှားအနေဖြင့် အာတိတ်ဒေသရှိ မိမိ၏ ပိုင်နက်ကို ကာကွယ်ရန် ရှိသည်ဟု ပူတင်က ကြေညာခဲ့သည်။

“ဒါကို အမေရိကန်အစိုးရသစ်ဆီက ထူးထူးဆန်းဆန်း ချဲ့ကားပြောစကားလို့သာ မှတ်ယူမယ်ဆိုရင် အမှားကြီးမှားမယ်။ အဲလိုမျိုး မဟုတ်ဘူး” ဟု ပူတင်က ဆိုသည်။

၁၉ ရာစုတွင် အမေရိကန်က ဂရင်းလန်းကျွန်းကို အရယူရန် အစီအစဉ်များ ရေးဆွဲခဲ့သော်လည်း ယင်းအစီအစဉ်များကို စွန့်လွှတ်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“အာတိတ်ဒေသမှာ သူတို့ရဲ့ပထဝီနိုင်ငံရေး ၊ စစ်ရေးနဲ့ စီးပွားရေးအကျိုးစီးပွားတွေကို မြှင့်တင်ဖို့ အမေရိကန်က ဆက်လက်လုပ်ဆောင်မယ်ဆိုတာ သိသာထင်ရှားပါတယ်” ဟု ပူတင်က ဆိုသည်။

နေတိုးအဖွဲ့ဝင်နိုင်ငံများက နောက်ထပ်ပေါ်ပေါက်လာနိုင်ခြေရှိသည့် ပဋိပက္ခများအတွက် ဂရင်းလန်းကျွန်းကို ခြေကုပ်နေရာအဖြစ် သတ်မှတ်ယူဆနေသည့်အပေါ် စိုးရိမ်မိကြောင်းလည်း ၎င်းက ပြောသည်။

ယခုသီတင်းပတ်အတွင်း အမေရိကန်ဒုသမ္မတဂျေဒီဗန်းစ်က ဒိန်းမတ်နိုင်ငံသို့ သွားရောက်လည်ပတ်မည် ဖြစ်သည်။ အဆိုပါ သွားရောက်လည်ပတ်မှုသည် တင်းမာမှု ဖန်တီးရန် တမင်လုပ်သည့် လုပ်ရပ်အဖြစ် တော်တော်များများက ရှုမြင်ကြသည်။

Source: LBC News