ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသားနှစ်ဦးကို စစ်ကောင်စီ၏ ထားဝယ်ခရိုင်တရားရုံးက ယနေ့ မတ်လ၂၈ ညနေပိုင်းတွင် ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချလိုက်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသား ကိုမျိုးမင်းဦးနှင့် ကိုအောင်ဝေယံထွန်းတို့ ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။
စစ်အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒပြမှုကြောင့် ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသား ကိုမျိုးမင်းဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၂၀၂၁ ခုနှစ် မေလတွင် ပထမအကြိမ် ဖမ်းဆီးခဲ့သည်။
ကိုမျိုးမင်းဦးကို ၅၀၅-က၊ ၅၀၅-ဂ ဖြင့် စစ်ကောင်စီက တရားစွဲဆိုကာ ထောင်ချခဲ့ပြီးနောက် ခြောက်လခန့်အကြာတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။
ယင်းနောက် စက်တင်ဘာလ ၁၂ ရက်က ခုံဝင်းဒပ်ရပ်ကွက်တွင် ဒုတိယအကြိမ် ထပ်မံဖမ်းဆီးခဲ့ရသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)ဖြင့် တရားစွဲဆိုကာ စစ်ကောင်စီ၏ ထားဝယ်ခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ် အမိန့်ချခဲ့ခြင်းဖြစ်သည်။
“သူတို့ခေတ်မှာတော့ သူတို့သဘောပေါ့ခင်ဗျား။ လုပ်ချင်သလိုမျိုးလုပ် ချချင်သလိုမျိုး ချဆိုတော့ မတရားဘူးလို့တော့ ပြောချင်တာပေါ့” ဟု ကိုမျိုးမင်းဦး၏ မိသားစုဝင် တစ်ဦးက ပြော ဆိုသည်။
အသက် ၂၂ နှစ်အရွယ် ကိုမျိုးမင်းဦးသည် ထားဝယ်နည်းပညာတက္ကသိုလ် လျှပ်စစ်စွမ်းအားမေဂျာ စတုတ္ထနှစ်ကျောင်းသားဖြစ်သည်။
ကိုမျိုးမင်းဦးကို မဖမ်းဆီးခင် ၁ ရက်အလိုက အသက် ၂၄ နှစ်အရွယ် ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသားကိုအောင်ဝေယံထွန်းကို စစ်ကောင်စီတပ်ဖွဲ့က ကြက်စားပြင်ရပ်ကွက်က နေအိမ်တွင် ဖမ်းဆီးခဲ့သည်။
၎င်းကိုလည်း ပုဒ်မ ၅၀ (ည) ဖြင့် ထောင်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ကိုမျိုးမင်းဦးနဲ့ ကိုအောင်ဝေယံထွန်းဟာ နည်းပညာတက္ကသိုလ်ကျောင်းအတူတက်သည့် သူငယ်ချင်းများဖြစ်ကြသည်။