BREAKING
February 28, 2025

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

February 28, 2025

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ

ဂျာမနီရွေးကောက်ပွဲ အတိုက်အခံခေါင်းဆောင် အနိုင်ရ

ဂျာမနီနိုင်ငံရဲ့ ရွေးကောက်ပွဲကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ကျင်းပခဲ့ပြီး အတိုက်အခံခေါင်းဆောင် ဖရက်ဒရစ် မာ့ဇ်က အနိုင်ရရှိကြောင်း ကြေညာလိုက်ပါတယ်။

ရွေးကောက်ပွဲ အနိုင်ရရှိပြီးတဲ့နောက် ညွန့်ပေါင်းအစိုးရကို အမြန်ဆုံးဖွဲ့စည်းဖို့ ရည်ရွယ်ထားတယ်လို့ ပြောလိုက်တာပါ။

ဂျာမနီနိုင်ငံကို ယုံကြည်မှုရရှိအောင် သူ့အနေနဲ့ ဦးဆောင်သွားမှာဖြစ်ပြီး ဥရောပကို အမေရိကန်ကနေ ခွဲထွက်သွားနိုင်အောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အာဏာရပါတီဖြစ်တဲ့ ဆိုရှယ်ဒီမိုကရက်ပါတီခေါင်းဆောင် အိုလဗ်ဇို့ကတော့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတာကို အသိအမှတ်ပြုသွားပါတယ်။

ဂျာမနီရွေးကောက်ပွဲမှာ အတိုက်အခံပါတီတွေနဲ့ လက်ယာစွန်းပါတီတွေ အနိုင်ရရှိလာတာကို ပြန်လည်မြင်တွေ့လာရတာ ဖြစ်ပါတယ်။

Ref: Aljazeera

………………………………..

ပုပ်ရဟန်းမင်းကြီး ကျောက်ကပ်ရောဂါပါ ခံစားနေရ

အသက်ရှူလမ်းကြောင်း ပိုးဝင်လို့ ရက်ပေါင်းများစွာ ဆေးကုသမှုခံယူနေရတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကျောက်ကပ်ရောဂါပါ ဆက်လက် ခံစားနေရတဲ့အတွက် စိုးရိမ်နေကြပါတယ်။

သွေးစစ်ချက်တွေအရ ပုပ်ရဟန်းမင်းကြီးမှာ ကျောက်ကပ်စတင်ပျက်စီးတဲ့ လက္ခဏာတွေ့ရပေမဲ့ ထိန်းနိုင်တဲ့ အခြေအနေမှာရှိတယ်လို့ ဆရာဝန်တွေက ပြောကြားလိုက်ပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ ကျန်းမာရေးအခြေအနေဟာ စိုးရိမ်ရဆဲပါ။

သူက အသက်ရှူစက်နဲ့ ရှူနေရပေမယ့် သတိရနေပြီး တုံ့ပြန်နိုင်စွမ်းရှိနေဆဲလို့ ပြောကြားထားပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ ကျန်းမာရေးအခြေအနေက ပြန်လည်ကောင်းမွန်လာနေပေမယ့် သတိထားစောင့်ကြည့်နေရဆဲ ဖြစ်ပါတယ်။

Ref: CNN

………………………………..

ယူကရိန်းအရေး ကုလသမဂ္ဂမှာ မဲခွဲမှု အမေရိကန်က ရုရှားနဲ့အတူ ကန့်ကွက်

ယူကရိန်းစစ်ပွဲ သုံးနှစ်ပြည့် ကုလသမဂ္ဂညီလာခံ မဲခွဲမှုမှာ အမေရိကန်က ရုရှားနဲ့အတူ ရပ်တည်ပြီး ကန့်ကွက်မဲပေးခဲ့ပါတယ်။

ယူကရိန်းနိုင်ငံမှာ ‌ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးမြှင့်တင်ရေး ဆုံးဖြတ်ချက်အတွက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ်ချိန် အမေရိကန်က ကန့်ကွက်မဲပေးခဲ့တာပါ။

ဖေဖော်ဝါရီ ၂၄ ရက်တုန်းက ကုလသမဂ္ဂအထွေထွေညီလာခံမှာ ယူကရိန်းက တင်သွင်းတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ရုရှားရော အမေရိကန်ကပါ ကန့်ကွက်မဲပေးခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့ ကုလသမဂ္ဂမှာ အမေရိကန်ရဲ့ ထင်ရှားတဲ့ရပ်တည်ချက်အပြောင်းအလဲ ဖြစ်ပါတယ်။

သုံးမျက်နှာစာရှိတဲ့ ယူကရိန်းရဲ့ ဒီအဆိုကို ဥရောပနိုင်ငံတွေက အထောက်အပံ့ပေးထားတယ်လို့ သိရပါတယ်။

Ref: BBC

………………………………..

လက်နက်အားလုံးကို ထိန်းချုပ်သွားမယ်လို့ ဆီးရီးယား သမ္မတဆို

လက်နက်အားလုံး နိုင်ငံတော် ထိန်းချုပ်မှုအောက်မှာ ရှိရမယ်လို့ ဆီးရီးယား ကြားဖြတ်အစိုးရ သမ္မတ အာမတ် အဲရှယ်လာက ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂၅ ရက်က ကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံးဆိုင်ရာ စကားဝိုင်း ညီလာခံမှာ ပြောလိုက်တာပါ။

ဆုံးဖြတ်ချက်တွေကို လက်ခံမှာ မဟုတ်ဘူးလို့ ကာ့ဒ်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေးအဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြန်တုံ့ပြန်လိုက်ပါတယ်။

ညီလာခံဟာ ဆီးရီးယားပြည်သူတွေကို ကိုယ်စားမပြုသလို ညီလာခံ ဆုံးဖြတ်ချက်တွေကို သူတို့ အကောင်အထည်ဖော်မှာ မဟုတ်ဘူးလို့ ကာ့ဒ်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေးအဖွဲ့ က ကြေညာချက် ထုတ်ပြန်ပါတယ်။

ညီလာခံကို အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့တွေ၊ ထင်ရှားတဲ့ အတိုက်အခံ ပုဂ္ဂိုလ်တွေ၊ အနုပညာရှင်တွေ တက်ရောက်ပေမယ့် လက်နက်ကိုင် အဖွဲ့တွေကို ဖိတ်ကြားတာ မရှိဘူးလို့ ဆိုပါတယ်။

Ref: News Arab

………………………………..

ဗြိတိန်က ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်သွားမယ်

ဗြိတိန်ရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို ၂၀၂၇ ခုနှစ်မှာ တိုးမြှင့်သွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ကဲယ်စတားမားက ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။

ကာကွယ်ရေး အသုံးစရိတ်ကို အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံ တိုးသွားဖို့ စီစဉ်ထားတာပါ။

ရုရှားသမ္မတ ပူတင်လို အာဏာရှင်တွေက စစ်အင်အားကိုသာ အသုံးပြုခြိမ်းခြောက်နေလို့ ငြိမ်းချမ်းရေးအတွက် ဒီလိုတိုးမြှင့်ရတယ်လို့ ဆိုပါတယ်။

ယူကရိန်းနဲ့ ကျနော်တို့ အတူရပ်တည်ကြရမှာဖြစ်ပြီး ငြိမ်းချမ်းရေးမရရင် စီးပွားရေး မတည်မငြိမ် ထပ်ဖြစ်ပြီးတော့ လုံခြုံရေးအရ ခြိမ်းခြောက်တာမျိုး ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

Ref: nyt times

………………………………..

မြေရှားသတ္တုစာချုပ်အတွက် ယူကရိန်းသမ္မတ အိမ်ဖြူတော်သွားမယ်

ယူကရိန်းက မြေရှားသတ္တုတွေ အမေရိကန်ကို ရယူခွင့်ပေးမယ့် သဘောတူညီချက်ကို ယူကရိန်းသမ္မတနဲ့ လက်မှတ်ထိုးဖို့ရှိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ပြောပါတယ်။

ယူကရိန်းစစ်ပွဲအတွက် အမေရိကန်က ပေးထားတဲ့ စစ်ရေးအကူအညီအတွက် ယူကရိန်းက ကုန်ကျစရိတ် ပြန်ပေးတဲ့အနေနဲ့ မြေရှားသတ္တုတွေကို ပေးမယ့် သဘောတူညီချက်ကို လက်မှတ်ထိုးမှာပါ။

ဒါနဲ့ ပက်သက်ပြီး ယူကရိန်းသမ္မတ ဇလန်းစကီးက အိမ်ဖြူတော်ကိုလာရောက်မှာဖြစ်ပါတယ်။

မြေရှားသတ္ထု စီမံကိန်းနဲ့ ပက်သတ်တဲ့ သဘောတူညီချက် ရရှိပြီးဖြစ်ပေမယ့် ယူကရိန်းလုံခြုံရေးအတွက် အမေရိကန် အာမခံချက်ပေးရေး မပါသေးလို့ ဆက်လက်ဆွေးနွေးရမယ်လို့ သမ္မတ ဇလန်းစကီးက ပြောကြားထားပါတယ်။

Ref: REUTERS

………………………………..

အစိုးရဝန်ထမ်းများ ထပ်လျှော့ဖို့ အမေရိကန် ပြင်ဆင်

အမေရိကန်ပြည်ထောင်စု အစိုးရဌာနတွေမှာ ဝန်ထမ်းတွေကို နောက်ထပ် လျှော့ချဖို့ သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ပေးညွှန်ကြားလိုက်ပါတယ်။

ဖယ်ဒရယ်အစိုးရဝန်ထမ်းတွေ လျှော့ချမယ့် အစီအစဉ်တွေကို မတ်လ ၁၃ ရက်နေ့ နောက်ဆုံးထားတင်ပြဖို့ ညွှန်ကြားထားတာပါ။

လောလောဆယ်တော့ လုပ်သက် ၁ နှစ်အောက် အစမ်းခန့်ကာလတာဝန်ထမ်းနေကြသူတွေကတော့ အလုပ်ထုတ်ခံထားရပါပြီ။

အခုတစ်ကြိမ်တော့ လုပ်သက်ရင့် ဝန်ထမ်းတွေအပါအဝင် အများအပြားကို လျှော့ချဖို့ စီစဉ်နေပါတယ်။

ထရမ့်ကတော့ သဘာဝပတ်ဝန်းကျင်ဌာနက ဝန်ထမ်း ၆၅ ရာခိုင်နှုန်းအထိ လျှော့ချသင့်တယ်လို့ ဆိုပါတယ်။

Ref: AP

………………………………..

ထိုင်ဝမ်မှာ မိခင်က သမီးအလောင်းကို ၆ နှစ်ကြာအထိ ထားပြီး အတူနေ

ထိုင်ဝမ်နိုင်ငံက အသက် ၇၅ နှစ်အရွယ် မိခင်တစ်ဦးဟာ နေအိမ်မှာ သမီးဖြစ်သူရဲ့ ရုပ်အလောင်းကို ထားပြီး ထိန်းသိမ်းထားတာ ၆ နှစ်ကြာသွားခဲ့ပါတယ်။

သမီးဖြစ်သူရဲ့နောက်ဆုံးဆန္ဒက သူ သေဆုံးပြီးနောက် ၇ နှစ်ကြာမှ သင်္ဂြိုဟ်ပေးဖို့ပါ။

ဒါပေမယ့်လည်း မိခင်ဖြစ်သူက လျှပ်စစ်မီတာဖိုးပေးဆောင်ဖို့ မတတ်နိုင်တော့တာနဲ့ သူ့ကျန်းမာရေးအခြေအနေကြောင့် ဖေဖော်ဝါရီ ၂၆ ရက်နေ့က လူမှုဝန်ထမ်းတစ်ဦးကို အကြောင်းကြားပြီး အလောင်းကို ထုတ်ပြလိုက်ပါတယ်။

သမီးဖြစ်သူရဲ့ရုပ်အလောင်းကို အဲယားကွန်းအခန်းထဲမှာ ထားပြီး နေ့တိုင်း ခန္ဓာကိုယ်ကို ရေပတ်တိုက်ပေးတယ်လို့ ဆိုပါတယ်။

နောက် ဆီတွေကိုလည်း ရုပ်အလောင်းမှာ သုတ်လိမ်းပေးတယ်လို့ ဆိုပါတယ်။

အခုတော့ သေဆုံးရတဲ့ အကြောင်းအရင်းကို သိရဖို့ သမီးဖြစ်သူရဲ့ရုပ်အလောင်းကို မတ်လ ၃ ရက်နေ့မှာ ရင်ခွဲစစ်ဆေးဖို့ စီစဉ်ထားပါတယ်။

Ref: MS News

………………………………..