ထားဝယ်လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရခြင်း လေးနှစ်ပြည့် အထိမ်းအမှတ် ဆန္ဒပြချီတက် လှုပ်ရှားမှု တစ်ခုကို ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်၊ ညနေပိုင်းက လောင်းလုံးမြို့နယ်တွင်ပြုလုပ်ခဲ့သည်။
“လမ်းမထက်ကသွေးတွေမခြောက်သရွေ့ လူထုတရပ်လုံး သွေးဆူကြဟေ့” ခေါင်းစဥ်ဖြင့် ထားဝယ်ခရိုင်သပိတ်ကော်မတီက ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းချီတက်ဆန္ဒပြပွဲတွင် ၂၀၂၁ ဖေဖော်ဝါရီလ ၂၈ ရက်က ကျဆုံးသွားသူလေးဦးအပါအဝင် နွေဦးတော်လှန်ရေးတွင်ကျဆုံးသွားသူများကို အလေးပြုခြင်း၊ လွမ်းသူ့ပန်းခွေချခြင်း၊ အမှတ်တရကဗျာရွတ်ဆိုခြင်းတို့ပြုလုပ်ခဲ့ကြသည်။









ထားဝယ်မြို့ပေါ်တွင် ပြည်သူလူထု သိန်းချီပါဝင်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက် လူထုသပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ကျည်အစစ်အသုံးပြု၍ ပစ်ခတ်ဖြိုခွင်းခဲ့သည်။
ယင်းပစ်ခတ်မှုကြောင့် သပိတ်စစ်ကြောင်းတွင် ပါဝင်သည့် ကိုဗညားအောင် ၊ ကိုဖေသန်း(ခ)နောင်ငို ၊ ကိုသန်းဝင်း(ခ)ဂျွန်မာခမ်နှင့်ကိုလွင်လွင်ဦး တို့ လေးဦး ကျဆုံးပြီး ဒဏ်ရာရရှိသူအများအပြားရှိခဲ့သည် ။