ထိုင်းအစိုးရက ၁၁ နှစ်ကြာ ထိန်းသိမ်းထားခဲ့သည့် ဝီဂါလူမျိုး အနည်းဆုံး ၄၀ ဦးကို တရုတ်နိုင်ငံသို့ ပြန်လွှဲပြောင်းလိုက်မှုနှင့် ပတ်သက်၍ ဖြေရှင်းချက်ကို ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ထရာက ယနေ့ ပြောဆိုလိုက်သည်။
ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခဲ့သည့် အဆိုပါ ဝီဂါလူမျိုးများကို ကာလကြာရှည်ထိန်းသိမ်းထားခဲ့သော်လည်း ၎င်းတို့အား လက်ခံပေးမည့် တတိယနိုင်ငံ ပေါ်မလာခဲ့ဟုလည်း၎င်းက ဆိုသည်။
ယင်းဝီဂါလူမျိုးများနှင့် စပ်လျဉ်း၍ တရုတ်လုံခြုံရေးဝန်ကြီးအပါအဝင် တရုတ်အစိုးရတာဝန်ရှိသူ အတော်များများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ၊ ပြန်ပို့ခံရသည့် ဝီဂါများကို ဖိနှိပ်ညှင်းပန်းမှု ပြုလုပ်မည်မဟုတ်ဘဲ ၎င်းတို့ မိသားစုများထံ ဘေးကင်းလုံခြုံစွာ ပြန်ပို့ပေးမည်ဟု တရုတ်လုံခြုံရေးဝန်ကြီးက အာမခံခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်က ဆက်လက်ပြောဆိုသည်။
၎င်းဝီဂါလူမျိုးများမှာ တရုတ်နိုင်ငံသားများ ဖြစ်သည်ကို တရုတ်အစိုးရဘက်က အထောက်အထားပြနိုင်ခြင်းကြောင့် ၎င်းတို့ကိုပြန်ပို့ပေးရန် ထိုင်းအစိုးရ၌ ဝတ္တရားရှိကြောင်း ၊ ယင်းသို့ ပြန်ပို့ပေးခြင်းမှာ နိုင်ငံတကာဥပဒေနှင့် လူ့အခွင့်အရေးစံနှုန်းများကို ချိုးဖောက်ရာမရောက်ကြောင်း ထိုင်းဝန်ကြီးချုပ်က ကာကွယ်ပြောဆိုခဲ့သည်။
ကြာသပတေးနေ့က ပြန်လွှဲပြောင်းပေးအပ်မှုမှာ ထိုင်းနှင့် တရုတ် နှစ်နိုင်ငံအကြား အပေးအယူသဘောတူညီချက်တစ်ခုကြောင့် ဖြစ်ကြောင်း စွပ်စွဲချက်များကို ထိုင်းဝန်ကြီးချုပ်က ငြင်းဆန်ခဲ့ပြီး “လူတွေက ကုန်စည်တွေ မဟုတ်ဘူး”ဟု တုံ့ပြန်ခဲ့သည်။
ပြန်လွှဲပြောင်းပေးအပ်ခံလိုက်ရသည့် ဝီဂါများ၏ အခြေအနေကို ထိုင်းဘက်က စောင့်ကြည့်ခွင့်ကို တရုတ်အစိုးရက အာမခံထားကြောင်း ၊ ထိုင်းတရားရေးဝန်ကြီးက မတ်လအလယ်တွင် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ပြီး ၎င်းတို့၏ အခြေအနေကို စစ်ဆေးသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ဝီဂါများကို တရုတ်နိုင်ငံသို့ ပြန်လွှဲပြောင်းပေးသည့် ကိစ္စကို လုံခြုံရေးအကြောင်းပြချက်များအရ လျှို့ဝှက်ထားခဲ့ကြောင်း ၊ ယင်းလွှဲပြောင်းပေးမှုကို ရှုပ်ထွေးမှုမပေါ်ပေါက်ဘဲ ငြိမ်းချမ်းစွာ ဆောင်ရွက်ပြီးစီးနိုင်ရန်သာ လိုလားခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောသည်။
အထူးသဖြင့် အမေရိကန်နှင့် ဥရောပနိုင်ငံများအပါအဝင် နိုင်ငံတကာမှ ဝေဖန်မှုများနှင့် ပတ်သက်၍ ၎င်းက တုံ့ပြန်ရာတွင် လွှဲပြောင်းပေးလိုက်သည့် ဝီဂါများကို ကောင်းမွန်စွာ ဆက်ဆံရန် တရုတ်အစိုးရ၏ စိတ်ဆန္ဒပိုင်းဖြတ်မှုအပေါ် ယုံကြည်မှုရှိကြောင်း ပြောဆိုခဲ့သည်။ တရုတ်အစိုးရ၏ အာမခံမှုမပါဘဲ ထိုင်းအစိုးရက ဝီဂါများကို ပြန်ပို့ပေးခဲ့မည်မဟုတ်ကြောင်းလည်း ၎င်းကချေပခဲ့သည်။
Source: Line Today