ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းကျေးရွာနှင့် အနီးနားတဝိုက်ရှိ ကျေးရွာများကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီး ၁ ဦး သေဆုံးကာ၊ သံဃာတော် နှစ်ပါးအပါအဝင် ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရသည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေ့လယ်က အနန်းကွင်းကျေးရွာ၊ ပန်းအောင်ကျေးရွာ၊ ခုနှစ်ဝါ(ခ) မောထီးကျေးရွာများကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။
ပန်းအောင်ရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော်နှစ်ပါး၊ အသက် ၅ နှစ်အရွယ်ကလေးတစ်ဦး၊ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြသည့်အပြင် ရွာဘုန်းကြီးကျောင်းထည်း ထိခိုက်ပျက်စီးသွားခဲ့သည်။
ယင်းအပြင် ခုနှစ်ဝါ (ခ) မောထီးကျေးရွာကိုလည်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးကာ၊ ကလေးနှစ်ဦး၊ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့က ပြောသည်။
“အနန်းကွင်းဘက်က တိုက်ပွဲဖြစ်ပြီးကတည်းက ရွာမှာ လူတွေ မရှိကြတော့ဘူး။ ထွက်ပြေးကုန်တယ်။ အခုက ကြာလာပြီဆိုတော့ လူတွေက တိုက်ပွဲမရှိရင် ခဏပြန်လာကြတယ်။ ဖြစ်ရင် ပြန်ပြေးတယ် အဲလိုမျိုး။ အခုတလောက လေယာဉ်နဲ့ ဗုံးလာလာကြဲနေတော့ ရွာပြန်ရောက်နေတဲ့လူတွေကို ထိသွားတာ။ ရွာတွေကတော့ ပျက်ကုန်ပြီ၊ အိမ်တွေလည်း မီးရှို့ခံရတာရှိတယ်” ဟု ထွက်ပြေးတိမ်းရှောက်နေရသည့် အနန်းကွင်းဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပန်းအောင်ကျေးရွာ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးသွားသည့်အပြင် ပန်းအောင်နှင့် ခွန်နဝါကျေးရွာက နေအိမ်အချို့လည်း ထိခိုက်ပျက်စီးသွားသည်ဟု ဒေသခံတို့ထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကလည်း အနန်းကွင်းကျေးရွာအနီးရှိ တညင်ကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးကြောင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဒေသခံ အရပ်သားပြည်သူ ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။
အနန်းကွင်းကျေးရွာနှင့် အနီးနားတဝိုက်ရှိ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေသည့်အပြင် ကျေးရွာအတွင်းရှိ နေအိမ်များကိုလည်း စစ်ကောင်စီက မီးရှို့နေကြောင်း ဖေဖော်ဝါရီလ ပထမအပတ်အတွင်းမှာပင် နေအိမ် အလုံး ၅၀ ထက်မနည်းကို စစ်ကောင်စီတပ်က မီးရှို့သွားခဲ့ကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ် အနန်းကွင်းကျေးရွာရှိ စစ်ကောင်စီ ဗျူဟာတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဒေသတွင်း နှစ်ဖက်စစ်ရေးပြင်းထန်လာသည်။
တိုက်ပွဲတွင် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်အသုံးပြုနေသည့်အပြင် လက်နက်ကြီး၊ ဒရုန်းဖြင့်လည်း ပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့် အနန်းကွင်းနှင့် အနီးနားရှိ လွတ်ရှမ်း၊ ဖားပြ၊ သံပုရာ၊ အစရှိသည့် ကျေးရွာ ၇ ရွာထက်မနည်းက ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။