BREAKING
February 28, 2025

တနင်္သာရီမြစ်ဟာ ဧရာဝတီမြစ် နံပါတ် ၂ မဟုတ်

February 28, 2025

တနင်္သာရီတိုင်းအတွင်း ထားဝယ်ခရိုင်နဲ့ မြိတ်ခရိုင်ကို ဖြတ်သန်းစီးဆင်းနေတဲ့ တနင်္သာရီမြစ်ကို ဧရာဝတီမြစ် နံပါတ် ၂ (Ayeyarwady River 2) ဖြစ်တယ်လို့ Follower တစ်သန်းကျော်ရှိတဲ့ လူမှုကွန်ရက်စာမျက်နှာတစ်ခုက ဖေဖော်ဝါရီလ တတိယပတ်အတွင်း ဖော်ပြချက်သုံးခုနဲ့ ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဧရာဝတီမြစ်နှစ်စင်းရှိတယ်လို့ဖော်ပြပြီး အဲဒီနှစ်စင်းမှာ ကချင်ပြည်နယ်က စတင်စီးဆင်းပြီး ဧရာဝတီတိုင်းမှာ မြစ်ခွဲများစွာနဲ့ ပင်လယ်အတွင်းစီးဝင်တဲ့ မြစ်တစ်စင်း၊ တနင်္သာရီတိုင်း မေတ္တာမြို့အနီးကစတင်ပြီး ပင်လယ်ထဲ စီးဆင်းသွားတဲ့ မြစ်တစ်စင်းတို့ ဖြစ်ကြတယ်လို့ ဖော်ပြတာပါ။

မေတ္တာမြို့အနီးမှာ ဧရာဝတီမြစ်လို့ ခေါ်ဆိုပြီး မြိတ်မြို့နယ်သို့ ရောက်ရှိလာမှ တနင်္သာရီမြစ်လို့ ခေါ်ဆိုတယ်လို့လည်း ရေးသားထားပါသေးတယ်။ ဒီရေးသားဖြန့်ချိမှု တွေကို Reaction နှစ်သောင်းကျော် အထိရှိပြီး ပျံ့နှံ့မှု အားကောင်းခဲ့ တာကြောင့် အချက်အလက်စိစစ်ဖော်ပြဖို့လိုအပ်တယ်လို့ Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က ဆုံးဖြတ်ခဲ့ပါတယ်။

Dawei Watch က ဒေသခံ ပထဝီပညာရှင်နဲ့ ဒေသခံတွေကို ဆက်သွယ်မေးမြန်းချက်တွေ၊ ပထဝီဆိုင်ရာ အချက်အလက် တွေအရ စိစစ်ကြည့်ရာမှာတော့ တနင်္သာရီမြစ်ဟာ ဧရာဝတီမြစ် နံပါတ် ၂ မဟုတ်ဘူးဆိုတာကို စိစစ်တွေ့ရှိရပါတယ်။

Google Map ကို အခြေခံပြီးဖြန့်ချိ

တနင်္သာရီမြစ်ကို ဧရာဝတီမြစ် နံပါတ် ၂ဖြစ်တယ်လို့ ဖော်ပြခဲ့တာဟာ ဘယ်လို အထောက်အထားတွေကို ကိုးကားထား သလဲဆိုတာကို မူရင်းတင်တဲ့ လူမှုကွန်ရက်စာမျက်နှာရဲ့ Messages Box ကနေ Dawei Watch က စာပေးပို့ မေးမြန်းခဲ့ ပါတယ်။

“Location Map အရ ပြောတာပါ။ Satellite တွေကနေ လေစီးတွေကြည့်ရင်းနဲ့ Location Map မှာ မေတ္တာမြို့နဲ့ small ayarwaddy တွေ့လို့ တင်လိုက်တာပါ။ အရင်ကမသိပါဘူး။ အခုမှတွေ့တာပါ။ map တွေမှာကြည့်လိုက် Ayeyarwaddy river ထွက်ပါတယ်” လို့ အဲဒီလူမှုကွန်ရက်စာမျက်နှာကနေ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အဲဒီလို သွားရောက်မေးမြန်းပြီးနောက်မှာ မူရင်းတင်ထားတဲ့ တနင်္သာရီမြစ်ဟာ ဧရာဝတီမြစ် နံပါတ် ၂ ဖြစ်တယ်လို့ ဖော်ပြချက် သုံးခုစလုံးကို အဲဒီလူမှုကွန်ရက်စာမျက်နှာကနေ ဖြုတ်ချခဲ့တာတွေ့ရပါတယ်။ အဲဒီပို့စ်တွေနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ ပြန်လည်ရှင်းလင်းတာတော့ မတွေ့ရပါဘူး။

ထားဝယ်ခရိုင်မှာ ဧရာဝတီမြစ်မရှိ

တနင်္သာရီမြစ်နဲ့ ပတ်သက်ပြီး ပထဝီဆိုင်ရာအချက်အလက်တွေကို သိရှိနိုင်ဖို့ ဒေသခံ ပထဝီပညာရှင်တစ်ဦးကို Dawei Watch က ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ တနင်္သာရီမြစ်မှာ တခြားအမည်ခွဲ မရှိဘူးလို့ ပြောပါတယ်။

“မေတ္တာမြို့နားမှာ ဘန်းချောင်းနဲ့ ခမောင်းသွယ်ချောင်း စပေါင်းပြီး တနင်္သာရီမြစ် စဖြစ်တာပါ။ အခြားအမည်ခွဲတွေလည်း မရှိပါဘူး။ တနင်္သာရီမြစ်ကို ဧရာဝတီမြစ်လို့လည်း ဘယ်တုန်းကမှ မခေါ်ခဲ့သလို အဲဒီလိုခေါ်ဝေါ်ဖို့လည်း ဘာအထောက် အထားမှ မရှိပါဘူး။ တနင်္သာရီမြစ်ဟာ တနင်္သာရီမြစ်ပဲ ဖြစ်ပါတယ်” ဟု အထက်ပါ ပညာရှင်က ပြောဆိုပါတယ်။

ဒါ့အပြင် ဧရာဝတီမြစ် နံပါတ် ၂ ဖြစ်တယ်ဆိုတဲ့အပေါ်မှာလည်း ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံအတွင်းမှာ တစ်စင်းတည်းပဲ ရှိတဲ့ မြစ်ကြီးဖြစ်ပြီး နံပါတ် ၂ ဆိုပြီး မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

ထားဝယ်တက္ကသိုလ် ပထဝီဝင်ဌာနက ပါမောက္ခတစ်ဦးနဲ့ ကထိကတစ်ဦး ကွင်းဆင်းပြုစုထားတဲ့ စာတမ်းကို ပြန်လည် ထုတ်ဝေထားတဲ့ “ထားဝယ်ခရိုင် ဒေသန္တရ ပထဝီဝင်” စာအုပ်မှာလည်း ထားဝယ်ခရိုင်အတွင်း ထားဝယ်မြစ်နဲ့ တနင်္သာရီမြစ် နှစ်စင်းပဲရှိတယ်လို့ အတိအလင်း ဖော်ပြထားပါတယ်။

အဲဒီစာအုပ်ရဲ့ စာမျက်နှာ ၁၄ နဲ့ ၁၅ မှာ ဖော်ပြထားတဲ့ ‘ရေဆင်း’ ကဏ္ဍမှာ “တနင်္သာရီမြစ်သည် ထားဝယ်ခရိုင် မေတ္တာမြို့ အနီးတွင် မြောက်ဘက်မှ စီးဆင်လာသော ခမောင်းသွယ်ချောင်းနှင့် တောက်ဘက်မှ စီးဆင်းလာသော ဘန်းချောင်း ပေါင်းဆုံပြီး တနင်္သာရီမြစ်အဖြစ် စတင်မြစ်ဖျားခံသည်။ ထိုမြစ်သည် အနောက်မှ အရှေ့သို့ စီးဆင်း၍ ဆင်ဖြူတိုင်ကျေးရွာ အနီးတွင် မြောက်မှ တောင်သို့ စီးဆင်းလျက်ရှိပါသည်။ တနင်္သာရီမြစ်သည် မြစ်ကြောင်း အရှည်မှာ ၄၃ မိုင် ၁ ဖာလုံရှိသည်။ ထားဝယ်ခရိုင်အတွင်း နယ်စပ်နှင့် ပိုမိုနီးကပ်စွာစီးဆင်း၍ မြိတ်ခရိုင်အတွင်း မြိတ်မြို့အနီး၌ ပင်လယ်တွင်းသို့ စီးဝင်ပါသည်” လို့ ဖော်ပြထားပါတယ်။

ထားဝယ်ခရိုင် ဒေသန္တရ ပထဝီဝင်” စာအုပ်ရဲ့ စာမျက်နှာ ၁၄ နဲ့ ၁၅

Google Map မှာ အမည်တပ်တာ မှားနေနိုင်

Google Map မှာ အမည်ထည့်သွင်းထားတဲ့နေရာ google account ရှိသူတွေက ထည့်သွင်းဖို့ အဆိုပြုနိုင်တာကြောင့် အမည်မှားယွင်းနေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ တနင်္သာရီမြစ်ရဲ့ အထက်ပိုင်းကို Google Map မှာ ဧရာဝတီမြစ်လို့ မှားယွင်းဖော်ပြထားတာကို အောက်ဖော်ပြပါပုံမှာ တွေ့နိုင်ပါတယ်။

တနင်္သာရီမြစ်ကို ဧရာဝတီမြစ် နံပါတ် ၂ လို့ ရေးသားဖော်ပြတာနဲ့ပတ်သက်လို့ ထားဝယ်ဒေသခံ ရေပညာရှင် ဦးကျော်ဦးက သူရဲ့ လူမှုကွန်ရက်မှာ ပြန်လည်တုံ့ပြန်ရေးသားထားတာ တွေ့ရပါတယ်။

Google မြေပုံမှာ တနင်္သာရီမြစ်ရဲ့အထက်ပိုင်းကို ဧရာဝတီမြစ်လို့ မှားယွင်းရေးသားထားကာ အောက်ပိုင်းကျမှ တနင်္သာရီ မြစ်လို့ အမှန်အတိုင်း ဖြစ်သွားတာကို လေ့လာကြည့်တဲ့အခါ Google မှာ မြို့အမည်၊ မြစ်အမည် စတာတွေကို အမည်တပ်ဖို့ Google ကောင့်ရှိသူတိုင်းက အဆိုပြုနိုင်ပြီး Google က အဲဒီအဆိုပြုချက်ကို စစ်ဆေးလို့ မှန်တယ်လို့ ယူဆရင် မြေပုံပေါ် တင်ပေးတယ်လို့ သိရထားရတယ်လို့ သူက ရေးသားထားပါတယ်။

တနင်္သာရီမြစ်ကိစ္စမှာလည်း တစ်စုံတစ်ဦးက တနင်္သာရီမြစ်ရဲ့ အထက်ပိုင်းဟာ ဧရာဝတီမြစ်ဖြစ်တယ်လို့ အဆိုပြုခဲ့တာကို Google က မှားမှန်းမသိဘဲ အတည်ပြုခဲ့တာဖြစ်နိုင်တယ်လို့ ထားဝယ်ဒေသခံရေပညာရှင် ဦးကျော်ဦးက သုံးသပ်ထား ပါတယ်။

ဒါ့ကြောင့် Google Map မှာ အမည်မှားယွင်းနေတာကို ပြင်ဆင်ဖို့ ဂူဂဲလ်အကောင့်ရှိသူတွေ ဂူဂဲလ်မှာ ဝိုင်းဝန်း အဆိုပြုကြဖို့လည်း တိုက်တွန်းထားတာတွေ့ရပါတယ်။ ထားဝယ်ဒေသခံ ရေပညာရှင် ဦးကျော်ဦးရဲ့ ရေးသားချက်ကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်။

အလားတူ Google Map မှာ အမည်မှားခဲ့ပြီး ပြန်လည်ပြင်ဆင်ခဲ့ရတဲ့ ရှမ်းပြည်နယ်က မိုင်းခတ်မြို့ရဲ့ ဖြစ်စဥ်တစ်ခုကိုလည်း ဒီလင့်မှာကြည့်နိုင်ပါတယ်။

အချက်အလက်စိစစ်ဖို့ တောင်းဆိုနိုင်ပါတယ်

စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။