ရေဖြူမြို့နယ် ၊ ဇာဒီကျေးရွာအုပ်စုကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ နှောင်းပိုင်းက စစ်ကြောင်းထိုးပြီးနောက် ဖြတ်တောက်ထားသော လျှပ်စစ်ဓာတ်အား နှစ်လကြာသည်အထိ ပြန်မပေးသေးကြောင်း ဒေသခံများထံမှ သိရသည် ။
လျှပ်စစ်မီး ပြတ်တောက်နေသဖြင့် ဆက်သွယ်ရေး တာဝါတိုင်များလည်း မလည်ပတ်နိုင်၍ ဆက်သွယ်ရေး အခက်အခဲလည်း ကြုံတွေ့နေကြရသည်ဟု ၎င်းတို့ကဆိုသည် ။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက် ကံပေါက်ရေကန်တောင် တိုက်ပွဲပြီးနောက် ဇာဒီအုပ်စုဘက်သို့ စစ်ကောင်စီက စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။
စစ်ကြောင်းထိုးပြီးနောက် ဇာဒီရွာအတွင်းလမ်းပိုင်း ဖြတ်တောက်ခံထားရခြင်း ၊ မိုင်းနင်းမိခြင်း တို့ကြောင့် ဇာဒီရွာတွင် ပြန်လည်နေထိုင်သူမရှိသော်လည်း ကျေးရွာအုပ်စုအတွင်းရှိ ခွေးမဖော၊ ဒိုက်တကော်၊ ခေါင်ပြန်၊ ကျောက်ထရံ စသည့်ရွာလေးရွာတွင်မူ ပြန်လည်နေထိုင်ကြသူများရှိသည်ဟု ဒေသခံများထံကသိရသည် ။
“အင်တာနက်ရဖို့ ဆိုရင် တောင်ကုန်းမြင့်တဲ့နေရာတွေသွားပြီး အခြားရွာက တာဝါတိုင် ကလာတဲ့အင်တာနက် တစ်တိုင် နှစ်တိုင်လောက်မိအောင်သွားချိတ်ပြီး သုံးရတယ်။ ဖုန်းအားသွင်းတာ ၊ မီးထွန်းတာ ဆိုလာပြားတွေ မီးစက်တွေပဲ အားကိုးနေရတယ်။ လျှပ်စစ်မီး ကိုတော့ ပြန်ဆက်သွယ်ပေးစေချင်တယ် ” ဟု ဇာဒီကျေးရွာ အုပ်စုက ဒေသခံအမျိုးသမီး တစ်ဦးကပြောသည် ။
ယခု သီတင်းပတ်အတွင်း ဇာဒီကျေးရွာအုပ်စုမှ ဆရာတော်များဦးဆောင်၍ လျှပ်စစ်မီး ပြန်လည်ဆက်သွယ်ပေးရန် မောရဝတီရေတပ် သို့ သွားရောက်တောင်းဆိုခဲ့ကြောင်း ဒေသခံများထံကသိရသည်။
သို့သော် ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်အထိ လျှပ်စစ်မီး ပြန်လည်ရရှိခြင်းမရှိသေးကြောင်း ၎င်းတို့ကဆိုသည်။
စစ်ကောင်စီက ၂၀၂၄ ခုနှစ်အတွင်း ဇာဒီကျေးရွာအုပ်စုမှ ကံပေါက်ရွာဘက်သို့သွားသည့် လမ်းပိုင်းအချို့ကို မြေတူးစက်ဖြင့်တူး၍ အသုံးပြုမရအောင်ဖျက်ဆီးလိုက်သည့်အပြင် ဆန်နှင့် စားသောက်ကုန် သယ်ယူခွင့်ကိုလည်း ပမာဏအကန့်အသတ်ဖြင့်သာ သယ်ယူခွင့်ပြုကြောင်း ယင်းကျေးရွာအုပ်စုမှ ရွာသားများကပြောသည်။