သမ္မတထရမ့်က တတိယအကြိမ် သမ္မတသက်တမ်းကို ဆက်လက်ထမ်းဆောင်သွားမည်ဟု ထပ်ကာထပ်ကာ သွယ်ဝိုက်ပြောဆိုလာချိန်တွင် အတိုက်အခံ ဒီမိုကရက်ပါတီဘက်က ယင်းလုပ်ရပ်ကို ဟန့်တားနိုင်ရေး တန်ပြန်လုပ်ဆောင်လာသည်။
“ဒါကို တစ်ချိန်တုန်းက မီဒီယာတွေက ဟာသတစ်ခုလို့ သဘောထားခဲ့ကြပါတယ်။ ဒါပေမဲ့ ဒေါ်နယ်ထရမ့်က အခြေခံဥပဒေကနေ ခွင့်ပြုပေးထားတဲ့ သမ္မတသက်တမ်းနှစ်ကြိမ်ထက် ကျော်လွန်တာဝန်ယူဖို့ကို ထပ်ခါထပ်ခါ သွယ်ဝိုက်ပြောဆိုမှုတွေဟာ အခုချိန်မှာ ရီပတ်ဘလင်ကန် ပါတီဝင်တွေကြားမှာ အများလက်ခံတဲ့ ယုံကြည်မှုတစ်ခု ဖြစ်လာပြီ”ဟု ဒီမိုကရက်ပါတီ အောက်လွှတ်တော်အမတ် မစ္စတာဒန်ဂိုးမန်းက ဆိုသည်။
အမေရိကန်သမ္မတများအနေဖြင့် သက်တမ်းနှစ်ကြိမ်သာ တာဝန်ထမ်းဆောင်ရန် အခြေခံဥပဒေ ပြင်ဆင်ချက်အမှတ် ၂၂ ဖြင့် ကန့်သတ်ထားပြီး ယင်းကန့်သတ်ချက်ကို ထပ်လောင်းအတည်ပြုရေး မဲခွဲဆုံးဖြတ်ရန်အဆိုတစ်ခုကို လွှတ်တော်သို့ တင်သွင်းသွားမည် ဖြစ်ကြောင်း ၎င်းကပြောဆိုလိုက်သည်။
ဒီမိုကရက်ပါတီသည် အောက်လွှတ်တော်တွင် နေရာအနည်းစုသာ ရရှိထားသော်လည်း ယင်းအဆိုပြုချက်ကို မဲခွဲအတည်ပြုနိုင်မည့် နည်းလမ်းများကို ရှာဖွေနေကြောင်း မစ္စတာဂိုးမန်းက ပြောသည်။ ယင်းအဆိုပြုချက်ကို မဲခွဲဆုံးဖြတ်ခြင်းဖြင့် သမ္မတသက်တမ်းနှစ်ကြိမ်ထက် ကျော်လွန်တာဝန်ယူမှုအပေါ် ရီပတ်ဘလင်ကန်အမတ်များ၏ သဘောထားအမှန်ကို အများပြည်သူ သိရှိလာမည် ဖြစ်သည်ဟု The New York Times က ဖော်ပြသည်။
သမ္မတထရမ့်က သက်တမ်းနှစ်ကြိမ်ထက် ကျော်လွန်တာဝန်ယူရေး သွယ်ဝိုက်ပြောဆိုနေမှုများမှာ ကျီစယ်သည့်သဘောသာ ဖြစ်ကြောင်း ရီပတ်ဘလင်ကန်အမတ်အချို့က ပြောသည်။
သို့သော်လည်း သမ္မတထရမ့်နှင့် လူသိရှင်ကြား သဘောထားကွဲလွဲမှု ပြရန် ဆန္ဒရှိသည့် ရီပတ်ဘလင်ကန်အမတ်မှာ မရှိသလောက် နည်းပါးသည်ဟု The New York Times က ဖော်ပြသည်။
သမ္မတထရမ့်အနေဖြင့် တတိယအကြိမ် သမ္မတသက်တမ်း ရရှိရေးအတွက် အခြေခံဥပဒေကို ပြင်ဆင်မည့် မူကြမ်းတစ်ရပ်ကို တင်နက်ဆီပြည်နယ် ရီပတ်ဘလင်ကန်အမတ်တစ်ဦးက တင်သွင်းထားဖူးသည်။
မကြာသေးခင်က ကျင်းပခဲ့သည့် ကွန်ဆာဗေးတစ်နိုင်ငံရေးလှုပ်ရှားမှုညီလာခံ(CPAC) တွင် သမ္မတထရမ့်အား ရောမအင်ပါယာဘုရင်အဖြစ် ပုံဖော်ထားသည့် ဆိုင်းဘုတ်များ ၊ “၂၀၂၈ ခုနှစ်ကို ကျော်လွန်ပြီး ထရမ့် အာဏာရရေး” ဟု အဓိပ္ပါယ်ရသည့် စာသားပါ ဆိုင်းဘုတ်များကို တွေ့ခဲ့ရသည်။
သမ္မတထရမ့်သည် တတိယအကြိမ် သက်တမ်းအတွက် ဆက်လက်တာဝန်ယူရေး ထပ်တလဲလဲ သွယ်ဝိုက်ပြောဆိုမှုများရှိခဲ့ပြီး မကြာသေးခင်က လူမှုကွန်ရက်ပေါ်တွင် သူ့ကိုယ်သူ ဘုရင်တစ်ပါးဟု ခိုင်းနှိုင်းပြောဆိုခဲ့သည်။
ယင်းမှာ သမ္မတထရမ့်က ၎င်းကို ဝေဖန်သူများအား လှောင်ပြောင်တိုက်ခိုက်ခြင်းသာ ဖြစ်သည်ဟု ထရမ့်၏ အကြံပေးများက ဆိုသော်လည်း သမ္မတတစ်ဦးအနေဖြင့် ထရမ့်သည် အာဏာအများဆုံး ချုပ်ကိုင်ရေး အယူအဆရှိသူတစ်ဦး ဖြစ်သည်ဟု The New York Times က ဖော်ပြထားသည်။
Source: The New York Times