BREAKING
February 28, 2025

ကျွန်းစုတွင် ပျူစောထီးညီအစ်ကို အချင်းချင်း ပစ်သတ်၊ ညီဖြစ်သူသေဆုံး

February 28, 2025

ကျွန်းစုမြို့နယ် သဇင်ကျေးရွာတွင် ပျူစောထီးအဖွဲ့ဝင် ညီအစ်ကိုနှစ်ဦး စကားများရန်ဖြစ်ရာက အစ်ကိုက သေနတ်ဖြင့် ပစ်သတ်၍ ညီဖြစ်သူသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ကျွဲခရံကျေးရွာအုပ်စု သဇင်ကျေးရွာတွင် ဖေဖော်ဝါရီလ ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်တွင် ဖြစ်ပွားခဲ့ရာ အသက် ၃၀ ဝန်းကျင်အရွယ် ပျူစောထီးကိုမြင့်သူ သေဆုံးသွားခြင်းဖြစ်ကြောင်း သဇင်ရွာနေ ဒေသခံတစ်ဦးက ဆိုသည်။

“ညီအစ်ကိုနှစ်ယောက်ရန်ဖြစ်ပြီး ညီဖြစ်သူကို အစ်ကိုက သေနတ်နဲ့ပစ်လိုက်တယ်။ ညီဖြစ်သူက သေသွားရော။ အဲလိုဖြစ်ပြီးတော့ အစ်ကိုကို ရွာက ရဲတွေက ကျွန်းစုမြို့ကိုဖမ်းခေါ်သွားတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။

အဆိုပါ ပျူစောထီးညီအစ်ကိုနှစ်ဦး ရန်ဖြစ်သည့်အကြောင်းအရင်း အသေးစိတ်ကို မသိရသေးပေ။ အစ်ကိုဖြစ်သည့် ပျူစောထီး ကိုခက်ခဲမှာ အသက် ၄၀ ဝန်းအရွယ်ရှိပြီး ပျူစောထီးအဖြစ်သေနတ်ကိုင်ခွင့်ရသည်မှာ တစ်လခန့်သာရှိသေးကြောင်း ၎င်းက ဆိုသည်။

ကိုမြင့်သူ၏ ရုပ်အလောင်းကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် သင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

သဇင်ကျေးရွာရှိ ပျုစောထီးများမှာ လှေဆိပ်တွင် တဲဆောက်ကာ ထင်သလို ငွေကြေးကောက်ခံလေ့ ရှိကြောင်း ဒေသခံအချို့က ဆိုသည်။

“လှေဆိပ်က လှေတွေမှာ သူတို့လိုသလောက်တောင်းတယ်။ သေနတ်ပြပြီး ပိုက်ဆံပတ်တောင်းတဲ့အဖွဲ့ဆိုပိုမှန်မယ်” ဟု အဆိုပါကျေးရွာနေ နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။

ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု သဇင်ကျေးရွာတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအပါအဝင် ပျူစောထီးအဖွဲ့ဝင် ၆ ဦးရှိကြောင်း ဒေသခံများထံမှ သိရသည်။