BREAKING
February 28, 2025

ထိုင်းအစိုးရက ဝီဂါများကို တရုတ်သို့ ပြန်ပို့မှု အမေရိကန် ရှုတ်ချ

February 28, 2025

ထိုင်းအစိုးရက ဝီဂါလူမျိုး အနည်းဆုံး ၄၀ ဦးကို တရုတ်နိုင်ငံသို့ ပြန်ပို့လိုက်သည့်အပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ကြာသပတေးနေ့က အပြင်းထန်ဆုံး ရှုတ်ချပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံတွင် ဆယ်စုနှစ်တစ်ခုကြာ ထိန်းသိမ်းခံထားရသည့် အဆိုပါ ဝီဂါလူမျိုးများကို တရုတ်နိုင်ငံသို့ ပြန်မပို့ရန် ကုလသမဂ္ဂလူ့အခွင့်အရေး ကျွမ်းကျင်သူများက တိုက်တွန်းထားသည်။

ဝီဂါများကို တရုတ်နိုင်ငံသို့ ပြန်ပို့လိုက်လျှင် နှိပ်စက်ညှင်းပန်းမှု ၊ ဆိုးရွားစွာ ပြုမူဆက်ဆံခံရမှုနှင့် အန္တရာယ်ရှိ အခြေအနေများ ကြုံတွေ့ရနိုင်ကြောင်း သတိပေးနေသော်လည်း ထိုင်းအစိုးရက ကြာသပတေးနေ့တွင် ဝီဂါများကို တရုတ်နိုင်ငံသို့ အတင်းအကျပ် ပြန်ပို့လိုက်သည်။

“ ဝီဂါတွေအဖို့ တရားဥပဒေအခွင့်အရေးတွေ မရရှိဘဲ ဖိနှိပ်မှု ၊ အတင်းအဓမ္ဓလုပ်အားစေခိုင်းမှုနဲ့ ညှင်းပန်းနှိပ်စက်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ တရုတ်နိုင်ငံဆီ ထိုင်းအစိုးရက ဝီဂါဦးရေ အနည်းဆုံး ၄၀ ဦးကို အတင်းအကျပ် ပြန်ပို့လိုက်တဲ့အပေါ် ကျွန်တော်တို့ အပြင်းထန်ဆုံး စကားလုံးတွေနဲ့ ရှုတ်ချပါတယ်” ဟု မာကိုရူဘီယိုက ထုတ်ဖော်ပြောဆိုခဲ့သည်။

ယင်းကြောင့် ထိုင်းအစိုးရသည် ညှင်းပန်းနှိပ်စက်မှုဆန့်ကျင်ရေး ကုလသမဂ္ဂသဘောတူညီချက်နှင့် နိုင်ငံတကာဥပဒေများကိုပါ ချိုးဖောက်ရာရောက်သည်ဟု မာကိုရူဘီယိုက ဆိုသည်။

ထိုင်းအစိုးရတာဝန်ရှိသူများအနေဖြင့် တရုတ်အာဏာပိုင်များက ဝီဂါများ၏ လူ့အခွင့်အရေးကို ကာကွယ်ပေးမှုရှိမရှိ အချိန်ပြည့် စောင့်ကြည့်သွားရန်လည်း ၎င်းက တောင်းဆိုလိုက်သည်။

ဝီဂါလူမျိုးများသည် တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်တွင် လူဦးရေ ၁၀ သန်းဝန်းကျင်ဖြင့် နေထိုင်လျက်ရှိသည့် လူနည်းစုအစ္စလာမ်ဘာသာဝင်များ ဖြစ်သည်။ တရုတ်အစိုးရက ဝီဂါများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက်ရှိကြောင်း အနောက်နိုင်ငံအချို့နှင့် လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲလျက်ရှိသော်လည်း တရုတ်အစိုးရက ငြင်းဆန်ထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုသည် အထက်လွှတ်တော်ဆီးနိတ်အမတ် ဖြစ်စဉ်ကတည်းက ဝီဂါလူမျိုးများ၏ အခွင့်အရေးအပေါ် ခိုင်ခိုင်မာမာ ထောက်ခံအားပေးလေ့ရှိသူ ဖြစ်သည်။ သမ္မတဒေါ်နယ်ထရမ့်၏ ပထမအကြိမ် သက်တမ်းကုန်ဆုံးခါနီး ၂၀၂၁ ခုနှစ်တွင် အမေရိကန်အစိုးရက တရုတ်အစိုးရသည် ဝီဂါများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားထုကို ဆန့်ကျင်သည့် ရာဇဝတ်မှု ကျူးလွန်လျက်ရှိသည်ဟု ကြေညာခဲ့သည်။

Source : The Straits Times