မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးရွာသို့ ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ် ဝင်ရောက်လာပြီးနောက် ရွာသား ၃၀ကျော်ကို ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက် နံနက်က လက္ကူးရွာအတွင်းသို့ စစ်ကောင်စီတပ်ဝင်ရောက်လာပြီး ရွာသားအချို့ကို ဖမ်းဆီးခြင်းများပြုလုပ်ကြောင်း ဒေသခံများက ပြောသည်။
ထို့ကြောင့် ရွာသားများ ထွက်ပြေးနေကြရပြီး လက်ရှိတွင် ရွာသား ၃၀ ကျော်အား စစ်ကောင်စီတပ်က ဖမ်းဆီး စစ်ဆေးနေကြောင်း ၎င်းတို့က ဆိုသည်။
“လူတွေကို လိုက်ဆွဲတယ်ကြားတော့ တစ်ရွာလုံးဝိုင်းပြေးကြတာ။ ဖမ်းမိတဲ့သူတွေလည်း ရှိတယ်။ (အဖမ်းခံရတဲ့အထဲ) အမျိုးသားရော အမျိုးသမီးရောပါတယ်။ အခု လက္ကူးဘုန်းကြီးကျောင်းမှာ ဖမ်းထားတာ ၃၀ ကျော်ရှိတယ်လို့ ကြားရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက Dawei Watch သို့ ပြောဆိုသည်။
လက္ကူး၊ ပိတပ်၊ မြဒေါင်၊ မှော်ကြောင်းနှင့် တိုကျေးရွာ တစ်ဝိုက်တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ရှိသည်။
ယင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
လက္ကူးကျေးရွာသည် အိမ်ခြေ ရှစ်ရာခန့်ရှိသည့်ကျေးရွာဖြစ်ပြီး အများစုမှာ တံငါလုပ်ငန်းလုပ်ကိုင်ကြပြီး လယ်ယာလုပ်ကိုင်ကြသူများလည်း ရှိသည်။
လက္ကူးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးပြီးခဲ့သည့်နှစ်က ပစ်သတ်ခံခဲ့ရပြီး လက်ရှိတွင် အုပ်ချုပ်ရေးမှူးမရှိကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်ကလည်း သင်္ကန်းတောရွာ ပြည်သူ ၁၀ ဦးကျော်ကို လူသားဒိုင်းပုံစံမျိုး ဖမ်းဆီးခေါ် ဆောင်ခဲ့ပြီး နောက်တစ်ရက်တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း အဆိုပါကျေးရွာ ဒေသခံများထံမှ သိရသည်။