သရက်ချောင်းမြို့နယ်အောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသောကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအချို့က ပြောသည်။
ဇန်နဝါရီလ ၁၃ ရက်ကတည်းက သရက်ချောင်းမြို့ဘက်မှ တောလမ်းအတိုင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် သည် ဝင်းဝနယ်မြေရဲစခန်းသို့ ရောက်ရှိနေပြီး ဇန်နဝါရီလ ၂၇ ရက် နံနက်စောစောပိုင်းတွင် ဝင်းဝရွာဘက်မှ ချောင်းဝပြင်ရွာ ဘက်သို့ တောလမ်းအတိုင်းစစ်ကြောင်းထိုးလာကြောင်း ၎င်းတို့က ဆိုသည်။
ချောင်းဝပြင်ရွာသို့ ရောက်ရှိတပ်စွဲလိုက်ပြီးနောက် ဒေသခံ ၂၀ ဦးကျော်ကို တစ်နာရီခန့်ကြာ ခေတ္တထိန်းသိမ်းထားခဲ့ပြီး ချောင်းဝပြင်ရွာဘုန်းတော်ကြီးက လာရောက်ပြောဆိုပေးသဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၂၈ ရက် နံနက်အစောပိုင်းတွင် ဂုံညင်းဆိပ်ရွာသို့ ဆက်လက်စစ်ကြောင်းထိုးလာပြီး ရွာထဲ တပ်စွဲထား သဖြင့် ဒေသခံအများစု ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဂုံညင်းဆိပ်ရွာသားတစ်ဦးက ဆိုသည်။
“ပြေးတဲ့သူလည်း ပြေးကြတယ်။ ရွာထဲမှာပဲ ကိုယ့်အိမ်မှာနေသူတွေလည်း နေနေကြတယ်။ ထွက်ပြေးတိမ်းရှောင်တဲ့ သူကတော့ များတာပေါ့” ဟု ၎င်းက ပြောသည်။
အဆိုပါ စစ်ကြောင်းသည် အင်အား ၁၀၀ ကျော်ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်ထိတွေ့ပစ်ခတ်မှု မရှိသေးသော်လည်း ဖမ်းဆီးခံရမည် စိုးရိမ်သဖြင့် ချောင်းဝပြင်၊ ဂုံညင်းဆိပ်၊ သရက်ပင်အိုင်နှင့် ရေချိုချောင်းရွာစသည့် စစ်ကောင်စီတပ်စစ်ကြောင်းထိုးသည့် လမ်းတစ်လျှောက်ရှိ ကျေးရွာအချို့က ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအချို့ထံမှ သိရသည်။
ဇန်ဝါရီလ ၁၃ ရက်က သရက်ချောင်းမြို့ဘက်မှ ဝင်းဝနယ်မြေရဲစခန်းသို့ တောလမ်းဖြင့် စစ်ကြောင်းထိုးလာစဉ် လမ်းတွင် တွေ့သည့် စုံစင်ဖျားရွာက ဒေသခံအမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး နှစ်ဦးတို့ကို လေးရက်ခန့်ကြာ ဖမ်းဆီးခေါ်ဆောင်ခဲ့သေးကြောင်း စုံစင်ဖျားရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“အခုမနက် ဂုံညင်းဆိပ်ကိုရောက်နေတယ်။ ဖမ်းဆီးခံရတယ်ဆိုတဲ့ အသံတော့ မကြားရဘူး။ တို့ရွာကနေ ဖမ်းဆီးသွားတဲ့ ၁၄ ယောက်ကတော့ လွန်ခဲ့တဲ့ တစ်ပတ် ဆယ်ရက်ခန့်က ပြန်လွတ်လာကုန်ပြီ။ ဝင်းဝနယ်မြေရဲစခန်းကိုရောက်တော့ ပြန်လွှတ်ပေး လိုက်တယ်။ ဖမ်းခံရတုန်းက သိမ်းသွားတဲ့ဖုန်းတွေတော့ ပြန်မရဘူး။ သူယူသလို ငါယူသလိုလိုနဲ့ ဝေ့လည်ကြောင်ပတ် လုပ်လိုက်ကြတယ်” ဟု ၎င်းက ပြောဆိုသည်။
ဇန်နဝါရီလ ၁၆ ရက်က ချောက်ချောင်းရွာအနီးတွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုဖြစ်သည့် ရွာအနီးက ဥယျာဉ်ခြံအချို့နှင့် ကြက်ခြံတစ်ခြံတို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။