BREAKING
January 30, 2025

ရနောင်းတွင် မြန်မာမိန်းကလေးကို ထိုင်းနှစ်ဦးက တစ်ပတ်ကြာ ပိတ်လှောင်ပြီးအဓမ္မကျင့်

January 28, 2025

ပုံစာ - ရနောင်းမြို့ တစ်နေရာကို တွေ့ရစဉ်။

ထိုင်း-မြန်မာနယ်စပ် ရနောင်းခရိုင်ရှိ ရော်ဘာခြံတစ်ခုတွင် နေထိုင်သည့် မြန်မာမိန်းကလေးကို ထိုင်းနိုင်ငံသား ခြံရှင်၏ သားနှစ်ဦးက တစ်ပတ်နီးပါး ပိတ်လှောင်ထားပြီး အဓမ္မပြုကျင့်ခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသော IBEC.SWO လူမှုကူညီရေးအသင်းထံမှ သိရသည်။

ရနောင်းခရိုင် ကီလိုသုံးဆယ် ဘန်ကဲကျေးရွာရှိ ရော်ဘာခြံထဲတွင် နေထိုင်သည့် မြန်မာမိသားစုမှ သမီးဖြစ်သူကို မိဘများဆေးခန်းသွားနေချိန် ခြံရှင်၏ သားနှစ်ဦးက ကားဖြင့် လာရောက်ခေါ်ဆောင်သွားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

အသက် ၁၈ နှစ်မပြည့်သေးသည့် အဆိုပါမြန်မာမိန်းကလေးကို ဝေးလံသော နေရာတစ်ခုသို့ ခေါ်ဆောင်၍ တစ်ပတ်နီးပါးကြာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း၊ သမီးဖြစ်ကို ကယ်ခေါ်ထုတ်ပေးရန် မိဘများက IBEC.SWO လူမှုကူညီရေးအသင်းထံ လာရောက်အကူအညီ တောင်းခံခဲ့ကြောင်း သိရသည်။

ထို့ကြောင့် နယ်မြေခံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ခေါ်ဆောင်သွားသူနှစ်ဦးကို ဆက်သွယ်ကာ မိန်းကလေးငယ်ကို မိဘများထံသို့ ပြန်လာအပ်ရန် ပြောဆိုခဲ့ရာ တစ်ပတ်အကြာ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ပြန်ပို့ပေးခဲ့ခြင်းဖြစ်ကြောင်း IBEC.SWO လူမှုကူညီရေးအသင်းက ကိုသားကြီးက ပြောသည်။

“မိန်းကလေးက အသက်လည်း မပြည့်သေးဘူး။ ရက်ပိုင်းလိုနေသေးတယ်။ သူ့ကို ခေါ်သွားတဲ့နေရာက တော်တော်အန္တရာယ်များတယ်။ တောင်တက် တောင်ဆင်း။ ဘယ်သူမှမရှိဘူး အဲဒီနေရာမှာ” ဟု ကိုသားကြီးက ဆိုသည်။

အမျိုးသမီးငယ်သည် မိဘများနှင့်အတူ နေထိုင်သူဖြစ်ပြီး နေထိုင်ရာအခန်းနှင့် ခြံပိုင်ရှင်၏ အိမ်ကလည်း မဝေးကြောင်း ၎င်းကဆိုသည်။

ရဲတပ်ဖွဲ့များကလည်း မြန်မာမိန်းကလေးငယ်ကို ခေါ်ဆောင်သွားသော ခြံပိုင်ရှင်၏ သားနှစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် ဖမ်းဆီးထားပြီး အာမခံပေးခြင်းမရှိကြောင်း ကိုသားကြီးက ပြောသည်။

လက်ရှိတွင် IBEC.SWO လူမှုကူညီရေးအသင်း၏ ရှေ့နေများနှင့်အတူ ခေါ်ဆောင်သွားသူနှစ်ဦးကို သက်သေအထောက်အထားများဖြင့် တရားစွဲထားကြောင်း အဖွဲ့ထံမှ သိရသည်။

အမှုကို စစ်ဆေးရန်အတွက် အချိန်အားဖြင့် သုံးလခန့် ကြာနိုင်မည်ဖြစ်ပြီး ကျူးလွန်သူများဘက်က ငွေကြေးပေး၍ ပြေလည်ပေးရန် လာရောက်ညှိနှိုင်းခဲ့သော်လည်း မိဘများက အမှုမှန် ပေါ်ပေါက်ရေးအတွက် ဆက်လက် တရားရင်ဆိုင်သွားမည်ဖြစ်ကြောင်း အဖွဲ့ထံမှ သိရသည်။

ထိုင်းနိုင်ငံရှိ ခြံနှင့် စက်ရုံများတွင် နေထိုင်လုပ်ကိုင်နေသော မြန်မာအမျိုးသမီးများသည် သတိလက်လွတ် မနေထိုင်ကြရန်နှင့် ညဘက် အပြင်မထွက်ကြပဲ ဂရုစိုက်ကြရန် IBEC.SWO လူမှုကူညီရေးအသင်းက သတိပေးထားသည်။