BREAKING
January 30, 2025

ကော့သောင်းတွင် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ

January 28, 2025

ကော့သောင်းမြို့နယ်၊ အော်ကြီးကျေးရွာအုပ်စု ၊ ဟတ်စဒင်းရွာမှ ရာအိမ်မှူး ဦးမြင့်ဆွေကို ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ဒေသခံများထံကသိရသည် ။

ဆိုင်ကယ်မောင်းနှင်လာသည့် ဦးမြင့်ဆွေ သည် ဟတ်စဒင်းရွာနှင့် ချန်းဖန်းရွာ အကြားတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

” ဆိုင်ကယ်ရော ၊ လူရော ဆီအုန်းတောထဲမှာလဲ နေတယ် ။ အလောင်းကိုတော့ ကော့သောင်းဆေးရုံကို ယူသွားတယ် ” ဟု ဖြစ်စဥ်အားသိရှိသည့် ဒေသခံအမျိုးသားတစ်ဦးကပြောသည် ။

Dawei Watch က တွေ့ရှိရသည့် မှတ်တမ်းဓာတ်ပုံတွင် ဦးခေါင်း အနောက်ဘက်တွင် သေနတ်ဖောက်ဝင် ဒဏ်ရာဖြင့် မှောက်လျက်အနေအထား လဲကျသေဆုံးနေသည်ကို တွေ့ရသည် ။

သေနတ်ဖြင့် ပစ်သတ်ခံရသူ ဦးမြင့်ဆွေသည် ဟတ်စဒင်းရွာတွင် ရာအိမ်မှူး အဖြစ် တာဝန်ယူထားသူ ဖြစ်ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

ဦးမြင့်ဆွေကို မည်သည့်အဖွဲ့က ပစ်ခတ်ခဲ့သည်ကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ယင်းပစ်ခတ်မှုနှင့်ပတ်သက်၍ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းကြရာ လတ်တလောတွင် ယင်းကိစ္စနှင့် ပတ်သက်၍ ဖြေကြားရန်မရှိသေးကြောင်း ပြောကြားသည် ။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ကော့သောင်းမြို့နယ် ၊ ခမောက်ကြီးမြို့ပေါ်ရပ်ကွက် တစ်ခုမှ ရပ်ကျေး အမျိုးသမီးအုပ်ချုပ်ရေးမှူး တစ်ဦးကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည် ။