BREAKING
January 30, 2025

ကမြောကင်းတံတား ပစ်ခတ်မှုအပြီး မပေါက်ဘဲကျန်နေသည့် လက်နက်ကြီးကျည်ကို ဖောက်ခွဲရှင်းလင်း

January 28, 2025

ပုံစာ - ကမြောကင်းတံတား (ပုံဟောင်း)

လောင်းလုံးမြို့နယ်ရှိ ကမြောကင်းတံတား စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရပြီးနောက် စာသင်ကျောင်းဝင်းအနီးတွင် မပေါက်ဘဲကျန်နေသေးသည့် လက်နက်ကြီးတစ်လုံးကို ယနေ့(ဇန်နဝါရီ ၂၈) မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က ဖောက်ခွဲရှင်းလင်းလိုက်ကြောင်း ခရီးသွားများနှင့် ဒေသခံများကပြောသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေပိုင်းတွင် ကမြောကင်းတံတားရှိ စစ်ကောင်စီတပ် ပစ်ခတ်ခံရပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းပစ်ခတ်မှုမှ လက်နက်ကြီး တစ်လုံးသည်ကမြောကင်းတံတား စစ်ဆေးရေးဂိတ်အနီးရှိ ကဘူကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝင်းအနီးတွင် မပေါက်ကွဲပဲကျန်နေသည်ကို ယနေ့နံနက်ပိုင်းက တွေ့ရကြောင်း ခရီးသွားများနှင့် ဒေသခံများကပြောသည်။

ယင်းလက်နက်ကြီးကို ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်မှ လာရောက်ရှင်းလင်း လိုက်သည်ဟု ဒေသခံကပြောသည်။

“မိုင်း(လက်နက်ကြီး)တွေ့လို့ဆိုပြီး ခရီးသွားတွေ အကုန်တားထားတယ်။ သိပ်မကြာဘူး BE တပ်က နေပြီး မိုင်းရှင်းတဲ့ကိရိယာတွေနဲ့ လာပြီးဖောက်ခွဲပစ်လိုက်တယ်။ အကျယ်ကြီးပဲကြားရတာ ကလေးတွေ ဒီနေ့ ကျောင်းမလာကြလို့တော်သေးတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါလက်နက်ကြီးဖောက်ခွဲရှင်းလင်းနေချိန်တွင် စစ်ကောင်စီတပ်မှ တစ်နာရီနီးပါးကြာ ခရီးသွားဒေသခံများကို တားဆီးထားပြီးနောက် ပြန်လည်သွားလာခွင့်ပေးလိုက်သည်ဟုဆိုသည်။

ကမြောကင်းတံတားအနီး နှစ်ဖက်ပစ်ခတ်မှုတွင် ဒေသခံအမျိုးသမီးငယ်တစ်ဦး ကျည်စထိမှန်ဒဏ်ရာရရှိကာ ကမြောကင်းတံတားအနီးရှိ လူနေအိမ် အချို့မှာလည်း လက်နက်ကြီး ကျည် စထိမှန်ပျက်စီးခဲ့ကြောင်း ဒေသခံများကထံမှသိရသည်။

ကမြောကင်းတံတားစစ်ဆေးရေးဂိတ် ကို ဒူရကစစ်ကြောင်းက လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းစစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ရှိသူက ယနေ့ နံနက်ပိုင်းတွင် Dawei Watch သို့ ပြောဆိုထားသည်။