“နိုင်ငံရေးအခြေအနေကြောင့် ပြောင်းလာတဲ့သူတွေမှာ စိုးရိမ်ထိတ်လန့်မှုတွေ ပိုရှိနေကြတာပေါ့”
မဲဆောက်အခြေစိုက် အဝေးရောက်ဧရာဝတီအသင်း (Overseas Irrawaddy Association – OIA) အဖွဲ့ တာဝန်ခံ ကိုဖိုးသင်္ကြန်နှင့် တွေ့ဆုံမေးမြန်းခြင်း
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တစ်ဖက်ကမ်း မဲဆောက်မြို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများစွာရှိသလို စစ်ကောင်စီ က အဓမ္မစစ်မှုထမ်းခိုင်းစေခြင်း၊ ဖမ်းဆီးခြင်းအပါအဝင် မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် လာရောက်တိမ်းရှောင် နေထိုင်ကြသည့် မြန်မာနိုင်ငံသားများစွာလည်း ရှိနေသည်။
မဲဆောက်မြို့တွင် ထိုင်းရဲတပ်ဖွဲ့များက ယခင်ကတည်းက မြန်မာနိုင်ငံသားများကို စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်လေ့ရှိသည့် မြို့ဖြစ်သည်။ လက်ရှိတွင် ကျားဖြန့်လုပ်ငန်းတွေကြောင့် စစ်ဆေးဖမ်းဆီးမှု ပိုမိုတင်းကျပ်လာသည်။
မြဝတီဘက်ခြမ်းရှိ အွန်လိုင်းငွေကြေးလိမ်လည်မှု ကျားဖြန့်လုပ်ငန်းတွင် တရုတ်သရုပ်ဆောင် လူကုန်ကူးခံရမှု ပေါ်ပေါက် လာပြီးနောက် ထိုင်းအစိုးရက ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းရန်၊ လူကုန်ကူးခံရမှုများကို တားဆီးနိုင်ရေးတို့အတွက် နိုင်ငံခြားသားများကို စစ်ဆေးဖမ်းဆီးမှု နေရာအနှံ့တွင်လုပ်ဆောင်နေသည်။
နိုင်ငံခြားသားများ နေထိုင်ရာ ဟိုတယ်၊ တိုက်ခန်း၊ အိမ်ရာဝင်းများနှင့် တန်းလျားများထိ ထိုင်းရဲတပ်ဖွဲ့က အဖွဲ့ခွဲ၍ တင်းတင်းကျပ်ကျပ် ဝင်ရောက်စစ်ဆေးရာ အထောက်အထားမရှိသည့် မြန်မာနိုင်ငံသားများအပြင် အထောက်အထား ရှိသည့် မြန်မာများပါ ဖမ်းဆီးခံရမှုများရှိလာသည်။ ထို့ကြောင့် မဲဆောက်ရောက်မြန်မာများကြား စိုးရိမ်မှုမြင့်တက်နေသည်။
မဲဆောက်မြို့တွင် ဖမ်းဆီးမှုများအတွင်း မြန်မာနိုင်ငံသားများ ကြုံတွေ့နေရသည့် အခြေအနေကို သိရှိနိုင်ရန် မြန်မာအလုပ်သမားများအရေး ကူညီဆောင်ရွက်နေပြီး စစ်ဘေးရှောင်များကို ကူညီပံ့ပိုးပေးနေသော အဝေးရောက်ဧရာဝတီအသင်း (Overseas Irrawaddy Association – OIA) အဖွဲ့၏ တာဝန်ခံ ကိုဖိုးသင်္ကြန်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
DW ။ မဲဆောက်မြို့ဆိုတာက အရင်ကလည်း အဖမ်းအဆီးများတဲ့ နေရာပေါ့နော်။ အခုလက်ရှိမှာတော့ အရင်ကနဲ့မတူဘဲ အဖမ်းအဆီး ပိုမိုတင်းကျပ်လာတာမျိုးတွေရှိနေတယ်ဆိုတော့ လက်ရှိ မဲဆောက်မြို့မှာ ဖမ်းဆီးနေတဲ့အခြေအနေက ဘယ်လိုရှိနေလဲ။
ဖြေ ။ အဖမ်းအဆီးများတဲ့အခြေအနေက အကြောင်းအရာ သုံးခုရှိတယ်ပေါ့နော်။ နံပါတ်တစ်က အခုလိုမျိုး အထောက်အထားအသစ်တွေ လုပ်ပေးတဲ့အချိန်ဆိုရင် အဖမ်းအဆီးများတတ်တယ်။ နောက်တစ်ခုက နှစ်ကုန်သွားပြီးတော့ နှစ်ပြန်စတဲ့အချိန်ဆိုလို့ရှိရင် ကျွန်တော်တို့ ဒေသတွေမှာက များသောအားဖြင့် အာဏာပိုင်တွေ လူကြီးပိုင်းတွေ အပြောင်းအလဲ ဖြစ်တယ်။ လူကြီးအသစ်တွေ ရောက်လာတဲ့အချိန်မှာဆို ပုံစံအသစ်တွေနဲ့ အဖမ်းအဆီးတွေ များတတ်တယ်။ အခုကတော့ Issue (အကြောင်းအရာ) အသစ်ပေါ့နော်။ ကျားဖြန့်က လူကုန်ကူးမှုကိစ္စတွေ။ တရုတ်မင်းသားကိုပြန်ပြီး ကယ်ထုတ်လိုက်တဲ့ကိစ္စတွေ၊ တရုတ်နိုင်ငံသားတွေ လူကုန်ကူးခံရတာတွေ။ နိုင်ငံပေါင်းစုံက လူတွေ ကျွန်တော်တို့ဒေသမှာ လူကုန်ကူးခံရတဲ့ကိစ္စတွေဖြစ်တာနဲ့ ပတ်သက်ပြီးတော့ ထိုင်းအစိုးရက တင်းတင်းကျပ်ကျပ် ပိုပြီးတော့ နှိမ်နင်းလာတယ်ပေါ့နော်။ နှိမ်နင်းလာတဲ့အခြေအနေ အကြောင်းတွေနဲ့ ပတ်သက်ပြီးတော့ ပိုပြီးတော့ အဖမ်းအဆီးတွေ ပိုများလာတာပေါ့။ ဒီအကြောင်းအရာကတော့ အရင်ဟာတွေနဲ့ မတူဘဲနဲ့ ထူးထူးခြားခြား ပိုပြီး အဖမ်းအဆီးများလာတဲ့ အခြေအနေပေါ့။
DW ။ အခုအချိန်မှာ ထိုင်းရဲတပ်ဖွဲ့တွေက မဲဆောက်ဒေသထဲမှာ ဘယ်လိုပုံစံမျိုးနဲ့ ဆက်တိုက် စစ်ဆေးဖမ်းဆီးနေကြသလဲ။
ဖြေ ။ သူတို့ ပိုပြီး Focus (ဦးတည်) ထားပြီးလုပ်တာက အဲဒီအချက်သုံးချက်ထဲမှာ အဓိကအားဖြင့် လုပ်နေတာက ကျားဖြန့်ကို နှိမ်နင်းချင်လို့၊ သူတို့ဒေသထဲမှာ လူဝင်လူထွက်တွေများလား။ ဥပမာ နိုင်ငံခြားသားတွေ ရောက်လာပြီးလို့ရှိရင် ဝင်လာပြီးရင် ပြန်သွားလားဆိုတာကို သူတို့က စိစစ်ချင်တာမျိုး။ အဲဒါကြောင့်မို့ သူတို့က (ရဲတပ်ဖွဲ့) ဟိုတယ်တွေ၊ apartment (တိုက်ခန်းတွဲ) တွေ၊ အချို့အိမ်ခန်းတွေကို သူတို့ လိုက်ပြီး စစ်ဆေးနေတာပေါ့။ စစ်ဆေးတဲ့အချိန် ဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံကနေပြီးတော့ တိုင်းပြည်ရဲ့ အခြေအနေအမျိုးမျိုးကြောင့် ရောက်လာတဲ့ သူတွေကလည်း ဒီဒေသတွေမှာ ခိုလှုံနေကြတာမျိုးရှိတယ်လေ။ တချို့ကျတော့လည်း Document (စာရွက်စာတမ်း) ရှိတယ်။ တချို့ကျတော့လည်း မရှိကြဘူး။ အဲဒီလိုလူမျိုးတွေပါ ရှာဖွေစစ်ဆေးခံရတဲ့ ပုံစံမျိုးဖြစ်သွားတာပေါ့။ အဲဒီမှာမှ တစ်ပြိုင်နက် အချို့တွေကျတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက စစ်ဆေးပြီဆိုတည်းက ဥပမာ လက်မှတ်ရှိတဲ့သူတောင်မှ ဘာအလုပ်လုပ်တာလဲ။ သူဌေးနာမည်က ဘယ်သူလဲ။ အလုပ်လုပ်တဲ့နေရာက ဘယ်မှာလဲဆိုတဲ့အခြေအနေမျိုးတွေ မေးကြတယ်။ အချို့သော လက်မှတ်ကိုင်ထားတဲ့ မြန်မာတွေအနေနဲ့က ဒါတွေကို မသိကြဘူးလေ။ ထိုင်းစကားကလည်း မတတ်ကြဘူးဆိုတော့။ အထင်မှားစရာတွေဖြစ်ပြီးတော့ လက်မှတ်ရှိလျက်နဲ့ အဖမ်းခံသွားရတာမျိုးတွေ ရှိတယ်ပေါ့။ ဒါပေမဲ့ ပြန်ဖြေရှင်းပြီးတော့ ပြန်လွှတ်ပေးတာမျိုးတွေ ရှိပါတယ်။
DW ။ အခု ကျားဖြန့်ကိစ္စနဲ့ စစ်ဆေးပြီး အဖမ်းအဆီးတွေလည်း များလာတယ်ဆိုတော့ ဒီအပေါ်မှာ မဲဆောက်နေ မြန်မာနိုင်ငံသားတွေအပေါ် ဘယ်လို ရိုက်ခတ်မှုတွေ ရှိလာလဲ။
ဖြေ ။ အထူးသဖြင့်တော့ ကျွန်တော်တို့က ဒီမှာနေနေတာက အုပ်စုနှစ်စုရှိတယ်လေ။ ရွှေ့ပြောင်းအလုပ်သမားတွေ အုပ်စုရယ်၊ နောက်ထပ် တိုင်းပြည်ရဲ့ အခြေအနေကြောင့် ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှ ရောက်လာတဲ့ အုပ်စုရယ် နှစ်စုရှိတာပေါ့။ ရွှေ့ပြောင်းအလုပ်သမားတွေက များသောအားဖြင့် သူတို့သူဌေးတွေ ရှိကြတယ်။ သူတို့ အလုပ်ရှင်တွေ ရှိကြတယ်။ အနိမ့်ဆုံး သူဌေးက ဘယ်သူလဲဆိုရင် ဖီးဘယ်သူဆိုတာ ပြောနိုင်ကြတယ်။ ဒါပေမဲ့ အသစ်ပြောင်းရွှေ့လာတဲ့ သူတွေ နိုင်ငံရေးအခြေအနေကြောင့် ပြောင်းလာတဲ့သူတွေမှာ အမှန်တိုင်းပြောရရင် သူတို့မှာ အလုပ်မရှိကြဘူးလေ။ ဆိုတော့ သူတို့သူဌေးတွေကို မပြောနိုင်ကြဘူး။ မပြောနိုင်တဲ့အခါကျတော့ သူတို့မှာတော့ နည်းနည်း stress (စိတ်ဖိစီးမှု) ပိုများတယ်။ ဖိအားတွေပိုများတယ်။ ပြီးလို့ သူတို့က အဖမ်းခံရပြီးရင် ဟိုဘက်ကမ်းကို ပြန်သွန် (ပို့) လို့ မရဘူးလေ။ အဲဒီလိုဆိုတော့ အဲဒီစိတ်နဲ့ သူတို့က စိုးရိမ်ထိတ်လန့်မှုတွေ ရွှေ့ပြောင်းအလုပ်သမားတွေထက်စာရင် ပိုရှိနေကြတာပေါ့။
DW ။ ထိုင်းရဲတပ်ဖွဲ့ဘက်က အထောက်အထားရှိသူရော မရှိသူရော ဖမ်းဆီးပြီး ဒဏ်ငွေတွေ ဆောင်ခိုင်းနေတဲ့အပေါ်မှာရော မဲဆောက်က အလုပ်သမားအဖွဲ့အစည်းတွေအနေနဲ့ရော ဘယ်လိုကူညီဆောင်ရွက်ပေးနေကြလဲ။
ဖြေ ။ ဒီအလုပ်တွေကို လုပ်ရတာကတော့ ကျွန်တော်တို့အဖွဲ့မှ မဟုတ်ဘူးပေါ့နော်။ ဒီဒေသမှာရှိတဲ့ CSOs တွေ တော်တော် များများကတော့ ဒီလိုအလုပ်တွေမှာ လိုက်ပါဆောင်ရွက်ကြတာပေါ့နော်။ တချို့မြန်မာတွေကျတော့ communicate (ဆက်သွယ်ရေး) မလုပ်နိုင်တာတွေ၊ ဒေသထဲမှာရှိတဲ့ အာဏာပိုင်တွေရဲ့ အထာပေါ့ဗျာ။ အဲဒါကို မသိတဲ့ အခါကျတော့ အခက်အခဲတွေ ရှိလာကြတယ်။ အဲဒီလိုဆို ကျွန်တော်တို့က ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရတာတွေ ရှိတယ်။ အချို့ကျတော့လည်း အထောက်အထားလက်မှတ် လုံးဝ မရှိတဲ့အခါကျတော့ ဟိုဘက်ကမ်းကိုလည်း ပြန်သွန်လို့မရတဲ့အခြေအနေဆိုရင် တစ်ခါတစ်လေကျရင် ကျွန်တော်တို့က ညှိနှိုင်းဆောင်ရွက်ပြီးတော့မှ ပြန်ထုတ်ရတဲ့ အခြေအနေမျိုးလည်း ရှိတယ်။ အချို့ကတော့လည်း တရားရုံးကို တင်လိုက်တဲ့အချိန်မှာ ဒဏ်ငွေတွေ ဆောင်ရတယ်။ ဒဏ်ငွေတွေ ဆောင်ပြီးတော့မှ တောမောရုံး (လဝက) ကို ပြန်ပို့၊ အဲဒီကျမှပဲ ကျွန်တော်တို့ နည်းတစ်မျိုးမျိုးနဲ့ အပြင်ရောက်အောင်ပြန်ထုတ်ရတဲ့ ပုံစံမျိုးတွေ ရှိတာပေါ့။
DW ။ လက်ရှိ မဲဆောက်မြို့မှာ အစစ်အဆေး အဖမ်းအဆီးတွေလည်း ပိုဆိုးလာနေတယ်ဆိုတော့ မြန်မာတွေအနေနဲ့ ဘယ်လို နေထိုင်သင့်လဲ။
ဖြေ ။ ကျွန်တော်တို့ အမြဲတမ်းသတိပေးတာက ဒီကာလသည် မြန်မာတွေအနေနဲ့ နေတတ် ထိုင်တတ်ဖို့လိုတယ်။ မလိုလားအပ်ဘဲနဲ့ အပြင်တွေ ဘာတွေ မသွားကြတာပဲ ကောင်းတယ်။ ကိုယ့်နေရာမှာ ကိုယ့်ဟာကိုနေတာ ပိုကောင်းတယ်။ အကြောင်းကိစ္စ မရှိဘူးဆိုရင်ပေါ့။ နောက်တစ်ခုကတော့ အထောက်အထားလက်မှတ်ရှိတဲ့သူတွေဆိုရင်လည်း အဲဒီအထောက်အထားလက်မှတ်ထဲမှာပါတဲ့ ကိုယ့်ရဲ့ သူဌေးနာမည်တွေ အလုပ်လိပ်စာတွေ အရေးရယ် အကြောင်းရယ် ဖြစ်လာရင် အရေးပေါ်ဖုန်းဆက်လို့ရမယ့် ဖုန်းနံပါတ်တွေ သေချာလေး မှတ်သားထားဖို့ လိုတယ်လို့ မှာချင်ပါတယ်။
DW ။ နောက်ထပ် ဘာများ ဖြည့်စွက်ပြောကြားချင်ပါသလဲ။
ဖြေ ။ ဒီလိုအခြေအနေမျိုးကတော့ ကြုံရတယ်။ ကြုံတတ်တယ်ပေါ့နော်။ အဲဒီလိုအခြေအနေမှာ ကာယကံရှင်တွေ ကိုယ်တိုင်က ပါးပါးနပ်နပ်နဲ့ ပတ်ဝန်းကျင်နဲ့ ဒေသအခြေအနေတွေကို လေ့လာပြီးတော့ နေဖို့ထိုင်ဖို့ လိုတယ်ပေါ့နော်။ ကျွန်တော်တို့က အဲဒီလိုပဲ အကြံပေးချင်ပါတယ်။ တစ်ခုခုဖြစ်သွားခဲ့လို့ရှိရင် ဘာပဲပြောပြော အချိန်ကုန်တယ်၊ ငွေကုန်တယ်ဗျာ။ အဲဒီလိုအခြေအနေမျိုးက ရှောင်ရှားဖို့ဆိုရင် ကိုယ်က ပါးနပ်ဖို့လိုတယ်။ နောက်တစ်ခုက ဒေသတွင်းမှာလည်း ကျားဖြန့်ကိစ္စ ဘာကိစ္စတွေနဲ့ ဖမ်းဆီးနေတဲ့အပေါ်မှာ တစ်ခါတစ်လေကျရင် ပဲလှော်ကြား ဆားညှပ်တတ်တယ်ပေါ့နော်။ ကိုယ်က အနေအထိုင် မတတ်လို့ရှိရင် ကိုယ့်ကိုယ် သံသယမျက်လုံးနဲ့ အကြည့်ခံရတတ်တယ်။ ပြောချင်တာက သံသယဖြစ်ဖွယ်ကိစ္စတွေကို ရှောင်ကြဉ်ကြပေါ့၊ အဲဒီလိုမျိုးတော့ ပြောချင်ပါတယ်။
DW ။ ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။