ကျွန်းစုမြို့နယ်အတွင်း ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ပြင်ဝန်းကျေးရွာသားတစ်ဦးကို ပစ်သတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက် နံနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီစစ်ကြောင်းက ပြင်ဝန်းရွာအတွင်း ရောက်လာပြီး အသက် ၃၃ နှစ်အရွယ် ကိုမောင်နိုင်ကို ပစ်သတ်သွားကြောင်း ဒေသခံများက ဆိုသည်။
ပြင်ဝန်းရွာသား ကိုမောင်နိုင်သည် ၎င်း၏နေအိမ်အောက်ထပ်တွင် ထမင်းစားနေချိန် စစ်ကောင်စီတပ်သားများက သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရင်ဘတ်ကို ကျည်နှစ်ချက်ထိမှန်သလို လက်မောင်းကို တစ်ချက်ထိမှန်ကာ သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ပစ်သတ်ခံရသည့် ကိုမောင်နိုင်မှာ စိတ်အခြေအနေ ပုံမှန်မဟုတ်သူတစ်ဦးဖြစ်ပြီး ၎င်း၏ မိဘများက အခြားရွာတွင် နေထိုင်ကြကြောင်း ဒေသခံအချို့က ဆိုသည်။
“သူတို့(စကစ)က ရွာထဲကိုမဝင်ခင် သေနတ်အဆက်မပြတ်ပစ်တော့ တိုက်ပွဲဖြစ်ပြီအထင်နဲ့ ရွာကသူတွေ ထွက်ပြေးတဲ့သူပြေး၊ ပုန်းတဲ့သူက ပုန်းပေါ့။ အဲမှာ နေအိမ်တစ်လုံးကို သူတို့က ကန်ဖွင့်လိုက်တဲ့အချိန်မှာ မောင်နိုင်က ထမင်းစားနေတာပေါ့။ အဲမှာ ပစ်သတ်ခံလိုက်ရတာ” ဟု အမည်မဖော်လိုသည့် အထက်ပါ ဒေသခံက ပြောသည်။
စစ်ကောင်စီတပ်သားများက သေနတ်ဖြင့်ပစ်သတ်ပြီးနောက် စစ်ကောင်စီတပ်က ရွာသားအချို့ကိုခေါ်ကာ ကိုမောင်နိုင်က ဓားဖြင့်လိုက်ခုတ်သဖြင့် ပြန်ခုခံသည့်ပုံစံမျိုး ဓာတ်ပုံရိုက်ခိုင်းပြီး သက်သေလုပ်ခိုင်းကြောင်း ဒေသခံများက ပြောသည်။
ကိုမောင်နိုင်၏ ရုပ်အလောင်းကို ဇန်နဝါရီလ ၂၇ရက် ညနေ ၄နာရီခန့်တွင် ရွာသားများက မြေမြုပ်သင်္ဂြိုဟ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်က တနင်္သာရီနှင့် ကျွန်းစုမြို့နယ်ကြားတွင် စစ်ကြောင်းထိုးမှုများရှိနေသလို အင်အားဖြည့်တင်းမှုများလည်း ရှိနေကြောင်း ဒေသခံများနှင့် မြေပြင်ရှိဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များထံမှ သိရသည်။