BREAKING
January 30, 2025

တနင်္သာရီတိုင်းက PDF တစ်ဦးကို မုဒိမ်းမှု၊ စစ်စည်းကမ်းဖောက်မှုတို့ဖြင့် NUG က ထောင်‌ခြောက်နှစ်ချ

January 28, 2025

ပုံစာ - ထားဝယ်ခရိုင်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ တပ်ဖွဲ့ဝင်အချို့ (ပုံဟောင်း)

မုဒိမ်းမှုကျူးလွန်သည့်စွဲချက်ဖြင့် တနင်္သာရီတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားရုံးက ထောင်ဒဏ်ခြောက်နှစ်ချမှတ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။

ထားဝယ်ခရိုင်ထဲက မြို့နယ်တစ်ခုတွင် ၂၀၂၃ ခုနှစ် ဩဂုတ်လက ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုနှင့်ပတ်သက်ပြီး ရာဇတ်သတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ ထောင်ဒဏ်သုံးနှစ်၊ တပ်မတော်အက်ဥပဒေ ၆၅/၇၁ အရ ထောင်ဒဏ်သုံးနှစ် စုစုပေါင်း ထောင်ဒဏ် ခြောင်နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“(တရားခံကို) ဘယ်အကျဉ်းထောင်မှာ ထောင်ချမယ်ဆိုတာကိုတော့ တိတိကျကျမသိရသေးဘူး။ တရာလိုရှေ့နေကတော့ မေးပြီးပြန်ပြောပေးမယ်လို့ ပြောတယ်” ဟု ယင်းအမှုကိစ္စ လိုက်ပါဆောင်ရွက်‌ပေးနေသည့် နှင်းဆီရောင်အမျိုးသမီးများ သမဂ္ဂ (ထားဝယ်ခရိုင်) ၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရာဇတ်သတ်ကြီး ဥပဒေပုဒ်မ ၃၇၆ မှာ မုဒိမ်းမှုဖြစ်ပြီး အမြင့်ဆုံးထောင်ဒဏ်နှစ် ၂၀ အထိ ချမှတ်နိုင်သည်။ တပ်မတော် အက်ဥပဒေ ပုဒ်မ ၆၅/၇၁ မှာ စစ်ဘက်ဆိုင်ရာစည်းကမ်းဖောက်ဖျက်မှုကြောင့် ချမှတ်သည့် ဥပဒေပုဒ်မ တစ်ခု ဖြစ်သည်။

ထားဝယ်ခရိုင်ထဲရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အသက် ၂၃ နှစ်အရွယ် မရိုစီဟုအမည်လွှဲပေးထားသည့် မိန်းကလေးတစ်ဦးကို မုဒိမ်းကျင့်ခဲ့သဖြင့် NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနကို ထိုအချိန်က တိုင်ကြားခဲ့သည်။

အမှုဖွင့်တိုင်ကြားပြီး ၁၇ လခန့်အကြာ ယခုနှစ် ဇန်နဝါရီလ ၂၀ ရက်တွင် ကျူးလွန်သူကို NUG တရားရေးက ထောင်ဒဏ် ခြောက်နှစ် အပြစ်ပေးအရေးယူလိုက်ခြင်းဖြစ်သည်။

အဓမ္မပြုကျင့်ခံရသည့် ကာယကံရှင် မရိုစီကမူ ယင်းကဲ့သို့ ထောင်ဒဏ်ချမှတ် အပြစ်ပေးလိုက်ခြင်းအပေါ် တရားမျှမှု ရရှိသည်ဟု မခံစားရကြောင်း Dawei Watch ကို ပြောဆိုသည်။

“အပြစ်ပေးခံရတဲ့ပုံစံနဲ့ မတူသလိုဘဲ” ဟု ၎င်းက ပြောသည်။

ပြစ်မှုကျူးလွန်သဖြင့် ထောင်‌ခြောက်နှစ်ချမှတ် အပြစ်ပေးခံရသူသည် အမိန့်ချမှတ်ပြီးနေ့ကတည်းက ယနေ့အချိန်အထိ အွန်လိုင်းသုံးစွဲနေသည်ကိုတွေ့ရသဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည်ဆိုသည့်အပေါ် သံသယဝင်မိကြောင်း မရိုစီက ဆိုသည်။

ယင်းပြောဆိုချက်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာ တပ်ရင်းပြန်ကြားရေးတာဝန်ခံထံ ဆက်သွယ်မေးမြန်းခဲ့ရာ တပ်ရင်းရင်းမှူးထံသာ တိုက်ရိုက်ဆက်သွယ်မေးမြန်းရန် ဖြေကြားသည်။

“တပ်ရင်းမှူးကို တိုက်ရိုက်ဆက်သွယ်ပြီးမေးတာက ပိုအဆင်ပြေမယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီကိစ္စကို တပ်ရင်းမှူးတို့က ကိုင်တွယ်လုပ်ဆောင်နေတာဆိုတော့လေ။ ကျွန်တော်က အသေးစိတ်မသိဘူး။ တိုက်ပွဲလည်း ဖြစ်နေတဲ့အခါကျတော့ ကျွန်တော်ကိုယ်တိုင်လည်း ရှေ့တန်းရောက်နေလို့” ဟု ၎င်းက ပြောသည်။

တပ်ရင်းမှူး ကိုင်ဆောင်သည့် ဖုန်းနံပါတ်ကို ယနေ့ ဇန်နဝါရီလ ၂၈ရက် နံနက်ပိုင်းမှ နေ့လယ်ပိုင်း ၁၂ နာရီကျော်အထိ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသဖြင့် ဆက်သွယ်မေးမြန်း၍ မရသေးပေ။

ကာယကံရှင် မရိုစီကမူ ထောင်ချခံထားရသူတစ်ဦး အချိန်းပြည့်နီးပါး အွန်လိုင်းပေါ်တွင်ရှိနေသည့်ကိစ္စ NUG တရားရုံးဘက်သို့မေးမြန်းရာတွင်မူ ၎င်းတို့ဌာနအနေဖြင့် တရားစီရင်ရေးဆိုင်ရာနှင့်သာ သက်ဆိုင်ပြီး အခြားကိစ္စနှင့် သက်ဆိုင်ခြင်း မရှိကြောင်း ပြန်ဖြေကြားခဲ့သည်ဟု ဆိုသည်။

သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့သို့ မေးမြန်းရာတွင်မူ မိသားစုနှင့် ဆက်သွယ်ပြောဆိုနိုင်ရန် အကျဉ်းသားအား ဖုန်းသုံးခွင့်ပြုထားခြင်းဖြစ်ကြောင်း ဖြေကြားခဲ့သည်ဟု မရိုစီက ပြောသည်။