BREAKING
January 30, 2025

ရခိုင်နှင့် ထိစပ်နေသည့် တိုင်းသုံးခုတွင် စစ်ကောင်စီတပ်စခန်းသုံးခုကို AA သိမ်းယူ

January 28, 2025

ပဲခူး၊ ဧရာဝတီ၊ မကွေးတိုင်းတို့နှင့် ရခိုင်ပြည်နယ်ထိစပ်နေသော နေရာများတွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စခန်းသုံးခုကို သိမ်းယူနိုင်ခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ဇန်နဝါရီလ ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။

ပဲခူးတိုင်း၊ မကွေးတိုင်း ဆိုင်းဘုတ်ရှေ့တွင် AA တပ်ဖွဲ့ဝင်များဖြင့် ရိုက်ကူထားသည့် မှတ်တမ်းဓာတ်ပုံများ၊ ရခိုင်-ဧရာဝတီအစပ် တိုက်ပွဲများတွင် သံချပ်ကာကားများဖြင့် သွားလာနေသည့် AA တပ်ဖွဲ့ဝင်များ၏ ဓာတ်ပုံမှတ်တမ်းများကိုလည်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။

ရခိုင်ရိုးမတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်သလို စစ်ကောင်စီတပ်ကလည်း ပဲခူးတိုင်းဘက်မှ ပြန်လည်ထိုးစစ်ဆင်နေသဖြင့် ပဲခူး-ရခိုင် ထိစပ်နေသောနေရာများနှင့် ရိုးမတောင်တန်းပေါ်တို့တွင် နေ့စဉ် တိုက်ပွဲဖြစ်နေကြောင်း ဖော်ပြသည်။

တောင်ကုတ်မြို့နယ်အတွင်း ရခိုင်-ပဲခူးထိစပ်နေသည့်နေရာရှိ မိုးထိတောင်စခန်းကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီး ငါးရက်အကြာ ဇန်နဝါရီလ ၂၆ရက် နံနက်တွင် သိမ်းယူနိုင်ခဲ့ကြောင်း AA က ထုတ်ပြန်သည်။

ယင်းအပြင် ရခိုင်-ဧရာဝတီအစပ် သို့မဟုတ် ဧရာဝတီတိုင်းအတွင်းရှိ ပွိုင် ၂၆၃ စခန်းကို ဇန်နဝါရီလ ၂၆ရက်တွင် သိမ်းယူ ရရှိခဲ့ပြီး နောက်တစ်ရက် ဇန်နဝါရီလ ၂၇ ရက်တွင် စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်သောကြောင့် တိုက်ပွဲပြင်းထန်နေကြောင်း ဖော်ပြသည်။\

ဧရာဝတီတိုင်းရှိ ပွိုင့် ၃၆၉ စခန်းကိုလည်း ဇန်နဝါရီလ ၂၁ ရက်တွင် သိမ်းယူထားနိုင်ခဲ့ကြောင်း AA က ဆိုသည်။

ရခိုင်နှင့် ဧရာဝတီတိုင်းအစပ်တွင် တိုက်ပွဲများဖြစ်ပွားလာသဖြင့် ချောင်းသာနှင့် ရွှေသောင်ယံကမ်းခြေများတွင် ခရီးသွားလုပ်ငန်းများ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရပ်နားသွားပြီး ဒေသခံများမှာလည်း စစ်ဘေးရှောင်နေကြရကြောင်း ပြည်တွင်းသတင်းများတွင် ဖော်ပြချက်များအရ သိရသည်။

မကွေးတိုင်း ငဖဲမြို့နယ် ဂုတ်စီးရိုးကျေးရွာအနီး အမ်း-ပဒါန်းကားလမ်းတွင် ဇန်နဝါရီလ ၂၇ရက်က စစ်ကောင်စီတပ်မ ၉၉ လက်အောက်ခံ ခမရ ၄၁၉၊ ၁၄ တပ်ရင်း ပူးပေါင်းစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းAA၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါစစ်ကြောင်းမှာ ဂုတ်စီးကျေးရွာဘက်သို့ ဆုတ်ခွာသွားသဖြင့် လိုက်လံတိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းနှင့် လက်နက်ခဲ့ယမ်းအချို့ သိမ်းဆည်းရရှိကြောင်း ဆိုသည်။

ရခိုင်ပြည်နယ် မြို့တော်ဖြစ်သည့် စစ်တွေမြို့အနီးပတ်ဝန်းကျင်တွင်လည်း လက်နက်ကြီး၊ စနိုက်ပါ၊ ဒရုန်းတို့ဖြင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ နေ့တိုင်းရှိနေကြောင်း AA ထံမှ သိရသည်။