BREAKING
September 20, 2024

ပေါင်မြို့နယ်တွင် နယ်ထိန်းရဲက အရပ်သား တစ်ဦးကို ပစ်သတ်

January 28, 2024

မွန်ပြည်နယ်၊ ပေါင်မြို့နယ် မုတ္တမကျေးရွာအုပ်စု ဇင်းဘာရပ်ကွက်နေ အရပ်သားတစ်ဦးကို ရဲတပ်ဖွဲ့မှ နယ်ထိန်းတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်လိုက်၍ သေဆုံးသွားကြောင်း ဒေသခံတစ်ဦးကပြောသည်။

မုတ္တမနယ်မြေရဲစစန်းမှ နယ်ထိန်းနှင့် အခြားရဲတပ်ဖွဲ့ဝင်တစ်ဦးတို့က ဇင်းဘာရပ်ကွက်နေ အသက် ၃၀ အရွယ် ကိုအောင်နိုင်ဝင်း၏ နေအိမ်ကို ဇန်နဝါရီလ ၂၆ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်တွင် ရောက်ရှိလာခဲ့ကြောင်း ၎င်းကဆိုသည်။

ယင်းနောက် ထွက်ပြေးရန် ကြိုးပမ်းသည်ဆိုကာ နယ်ထိန်းက သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကိုအောင်နိုင်ဝင်းမှာ လက်မောင်းနှင့်နံရိုးအကြား ကျည်ဆန်ဖောက်ဝင်ခဲ့ပြီး အခင်းဖြစ်ရာ နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။

“သူတို့(ကိုအောင်နိုင်ဝင်း) လင်မယားက ချဲရောင်းတာ၊ လိုင်းကြေးလည်း ပေးထားတယ်၊ သူတို့ အိမ်ကို မပြောမဆိုဘဲ ဝင်လာတာ၊ ပိုက်ဆံလိုချင်လို့ ထင်တယ်၊ လင်မယား နှစ်ယောက်လုံး ထပြေးတာ၊ သူယောင်္ကျားကို ပစ်သတ်လိုက်တယ်၊ တစ်ရွာလုံး မကျေနပ်ကြဘူး” ဟုမုတ္တမကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးသွားသည့် ကိုအောင်နိုင်ဝင်း၏ရုပ်အလောင်းကို လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီဖြင့် မုတ္တမတိုက်နယ်ဆေးရုံထံ ပို့ဆောင်ထားပြီး မိသားစုဘက်က နေအိမ်ပြန်သယ်ရန် ကြိုးပမ်းနေကြောင်း ဒေသခံများကဆိုသည်။

ကိုအောင်နိုင်ဝင်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် နယ်ထိန်းမှာ ဗိုလ်လေးဟု လူသိများပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ကလည်း မုတ္တမကျွဲခြံကျေးရွာမှ ဘိန်းစာရွက်ရောင်းသူကို ဝင်ရောက် ဖမ်းဆီးစဉ် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ဖူးကြောင်း ဒေသခံများက ပြောဆိုသည်။