BREAKING
December 28, 2024

ထားဝယ်ခရိုင်တွင် လျှပ်စစ်မီးထပ်မံဖြတ်တောက်မည်ဟုထုတ်ပြန်သည့်အပေါ်ဝေဖန်မှုမြင့်တက်

December 27, 2024

ဓာတ်ပုံ - Petro & Trans (ထားဝယ်ခရိုင်လျှပ်စစ်ဖြန့်ဖြူးရေး)

ထားဝယ်ခရိုင်တွင် လျှပ်စစ်မီးအလှည့်ကျပေးမည်ဟု ထုတ်ပြန်ထားသည့်အချိန်အတိုင်း မီးမလာသည့်အပြင် နောက်ထပ် ရှစ်ရက်ကြာ အလှည့်ကျမီးပေးမည်ဟု ထပ်မံထုတ်ပြန်သဖြင့် ဒေသခံများကြား ဝေဖန်မှုမြင့်တက်နေသည်။

ခရိုင်အတွင်း အုပ်စုသုံးစုခွဲကာ ဒီဇင်ဘာလ ၂၅ရက် နံနက် ၆နာရီမှ ဒီဇင်ဘာလ ၂၆ ရက် နံနက် ၆နာရီအထိ လျှပ်စစ်ဓာတ်အား အလှည့်ကျဖြန့်ဖြူးမည်ဖြစ်ကြောင်း ထားဝယ်ခရိုင်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကုမ္ပဏီ Petro & Trans က ထုတ်ပြန် ခဲ့သည်။

ထုတ်ပြန်ထားသည့် အချိန်ဇယားအတိုင်း မြို့ပေါ်ရပ်ကွက်အချို့နှင့် မြို့နယ်အချို့တွင် လျှစ်စစ်ဓာတ်အား အမှန်တကယ် ရရှိခြင်း မရှိသောကြောင့် အလုပ်အကိုင်ပျက်ဖြစ်ပြီး ကုန်ကျစရိတ်များခဲ့ကြောင်း ထားဝယ်မြို့ခံ အလှပြုပြင်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

“ခရစ္စမတ်နေ့ကဆို ကျွန်မတို့ရပ်ကွက်မှာ အချိန်ပိုင်းလာမယ်ပြောပြီး ၂၄ နာရီလုံးလုံး မီးပျက်တာက အဆင်မပြေဘူး။ မီးစက်နှိုးရတော့ အကုန်အကျ ပိုများတယ်။ မကိုက်ဘူး” ဟု ၎င်းက ဆိုသည်။

လျှပ်စစ်မီး အလှည့်ကျပေးမည်ဟု ကြေညာထားသော်လည်း ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်အချို့နှင့် လောင်းလုံးမြို့နယ်ရှိ ကျေးရွာအများစုတွင် ၂၄ နာရီပတ်လုံး လျှစ်စစ်ဓာတ်အား မရရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယင်းသို့အခြေအနေတွင် လျှပ်စစ်မီး အလှည့်ကျဆက်ပေးဦးမည်ဟု Petro & Trans ကုမ္ပဏီဘက်က ယနေ့ ဒီဇင်ဘာလ ၂၇ရက်တွင် ကြေညာချက်ထပ်မံထုတ်ပြန်လာသည်။

ဒီဇင်ဘာလ ၂၈ရက် နံနက် ၄နာရီမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ရက် နံနက် ၄နာရီအထိ ရှစ်ရက်တိုင်တိုင် ထားဝယ်ခရိုင်အတွင်း လျှပ်စစ်မီး အလှည့်ကျ ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ထပ်မံကြေညာခြင်းဖြစ်သည်။

“တစ်နေ့ကပဲ မီးဖြတ်သေးတယ်။ ရေခဲသေတ္တာက မအေးတော့ တစ်နေကုန် မရောင်းရဘူး။ အစ်မမှာ အခုလည်း အလှည့်ကျ ပေးမယ်လို့ ကြေညာထားပြီး မီးမလာရင် ဘယ်လိုအဆင်ပြေမလဲ။ ဒီပုံအတိုင်းဆိုရင် နားလိုက်တာပဲ ကောင်းဦးမယ်” ဟု လောင်းလုံးမြို့နယ်မှ စားသောက်ကုန်ရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ကုမ္ပဏီဘက်ကမူ ဒီဇင်ဘာလ ၂၅ရက်ကစပြီး ဇောတိကကမ်းလွန်သဘဝဓာတ်ငွေ့ပိုက်လိုင်းများ ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်နေပြီး ပိုက်လိုင်းအတွင်း ဓာတ်ငွေ့လက်ကျန်နည်းလာသောကြောင့် အုပ်စုခွဲကာ လျှပ်စစ်မီး အလှည့်ကျ ပေးနေရခြင်းဖြစ်ကြောင်း ဆိုထားသည်။

အုပ်စု A တွင် ထားဝယ်၊ ရေဖြူ၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများပါဝင်မည်ဖြစ်ပြီး အုပ်စု B တွင် ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများပါဝင်သည်။

ဇောတိက ကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း ဒီဇင်ဘာလ ၂၅ ရက်မှ လာမည့် ဇန်နဝါရီ ၃ ရက်အထိ ၁၀ ရက်ကြာ လုပ်ဆောင်မည်ဖြစ်ကြောင်း ကုမ္ပဏီဘက်က ထုတ်ပြန်ထားသည်။