BREAKING
December 28, 2024

နယ်မြေမအေးချမ်း၍ သံတိုသံစဝယ်သူများ အလုပ်ရပ်နားမှုများလာ

December 27, 2024

ထားဝယ်ခရိုင်အတွင်း ဖြစ်ပေါ်နေသည့် တိုက်ပွဲများနှင့် ပဋိပက္ခများကြောင့် နယ်မြေမအေးချမ်းသဖြင့် သံတိုသံစ ဝယ်ယူရောင်းချသူများ အလုပ်ရပ်နားရမှုများလာပြီး စားဝတ်နေရေး ခက်ခဲနေကြကြောင်း သိရသည်။

ယခုနှစ် ဧပြီလလောက်မှစပြီး လုပ်ငန်းရပ်နားထားရသဖြင့် စားဝတ်နေရေး အခက်အခဲဖြစ်လာကြောင်း သံတိုသံစ ရောင်းဝယ်ရေးလုပ်ငန်းဖြင့် အသက်မွေးသူများကပြောသည်။

သရက်ချောင်း၊လောင်းလုံး၊ရေဖြူ စသည့်မြို့နယ်များတွင် ယခုနှစ်ဧပြီလကစပြီး စစ်ရေးတင်းမာကာ တိုက်ပွဲများများ ခပ်စိပ်စိပ်ဖြစ်လာခြင်းကြောင့် နယ်ဒေသများသို့ သွားရောက်ကာ သံတိုသံစဝယ်ရန် ခက်ခဲလာသည်ဟု ထားဝယ်မြို့ပေါ်မှ အသက် ၄၀ ဝန်းကျင်အရွယ်ရှိသည့် နယ်လှည့်သံတိုသံစ အရောင်းဝယ်ပြုလုပ်သူ တစ်ဦးကပြောသည်။

“ပစ္စည်းက နယ်မှာပဲရှိတယ်။ သံ ၊ဘီယာဘူးခွံ အစရှိသဖြင့်ပေါ့။ အခု နောက်ပိုင်း ကြောက်နေရတယ်။ ကိုယ်ကသံပစ္စည်းဝယ်ဖို့လာတာပဲ ဒါပေမဲ့ ရွာတွေ ရောက်ရင် မျက်နှာစိမ်းတွေဆို ကွက်ကြည့် ကွက်ကြည့်၊ စေ့စေ့ကြည့် အဲလိုမျိုးတွေ ဖြစ်လာတော့ ကျွန်တော်တို့လည်းသွားရတာ ကြောက်လာတယ်။ လုပ်ငန်း ကိုရပ်ထားရတဲ့အထိပဲ”ဟု ၎င်းကပြောသည်။

အာဏာမသိမ်းခင်က ထားဝယ်မြို့ပေါ်တွင် သံတိုသံစလိုက်ဝယ်သူ အယောက် ၄၀ ထက်မနည်း ရှိသော်လည်း ယခု ၁၀ ယောက်ခန့်သာကျန်တော့ကြောင်း အခြား သံတိုသံစ ဝယ်သူတစ်ဦးကပြောသည်။

“အရင် ရှင်မုတ္ထီးဘုရားလက်ဖက်ရည်ဆိုင်မှာ သံဝယ်တဲ့သုံးဘီးစုရပ်ပဲ။ အခုက သုံးဘီးရောင်းသူရောင်း လုပ်ငန်းပြောင်းသူပြောင်း ဖြစ်ကုန်ကြပြီ”ဟု ၎င်းကပြောသည်။

အချို့မှာ ရေခဲချောင်းကဲ့သို့ ရာသီစာပြောင်းရောင်းသည်မျိုး ရှိသလို အချို့မှာလည်း ထိုင်းသို့ထွက်သွားကြသည်မျိုး ရှိကြောင်း၊ အလုပ်မကောင်းသဖြင့် စားဝတ်နေရေး ခက်ခဲလာနေကြောင်း ၎င်းကဆိုသည်။

သံတိုသံစကောက်ယူ ရောင်းချသူ နည်းလာသဖြင့် ယခုနှစ် ပွင့်လင်းရာသီအစ စက်တင်ဘာလခန့်မှစပြီး သံနှင့်ဘော်ဈေး အမြင့်ဆုံးရောက်လာပြီး သံတစ်ပိဿာ ၂၂၀၀ခန့်နှင့် ဘီယာဘူးခွံတစ်ပိဿာ ၈၀၀၀ကျပ်ခန့် ပေါက်ဈေးရှိနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။

ယခုနှစ်နှင့်ပွင့်လင်းရာသီမတိုင်မီက သံတစ်ပိဿာ ၁၈၀၀ကျပ်နှင့် ဘီယာဘူးခွံတစ်ပိဿာ ၆၀၀၀ခန့်သာ ရရှိခဲ့ကြသည်။

သံတိုသံစ ရောင်းဝယ်သူ အချို့သာရှိတော့ပြီး အများစုမှာ နယ်ခံများမဟုတ်ကြတော့ပဲ အညာဒေသမှ ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြောင်း သံတိုသံစ အရောင်းအဝယ်ဈေးကွက်ထံမှ စုံစမ်းသိရှိရသည်။