လာမည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် သက်တမ်းကုန်ဆုံးတော့မည့် ရွှေ့ပြောင်းအလုပ်သမားများ Work Permit သက်တမ်းတိုးရန် အချိန်တစ်လကျော်သာ ကျန်ရှိနေပြီး အချိန်မီမပြီးနိုင်ကြောင်း ဒီဇင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်သော ထိုင်းလွှတ်တော်အစည်းအဝေးတွင် အကြိတ်အနယ် ဆွေးနွေးခဲ့ကြသည်။
လက်ရှိအချိန်အထိ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုး လုပ်ငန်းစဉ်ကို မစတင်နိုင်သေးသည့်အပေါ် လွှတ်တော်အမတ်တစ်ဦးက မေးခွန်းထုတ် မေးမြန်းခဲ့မှုကို ဆွေးနွေးရာတွင် ယင်းအချက်လည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။
အတိုက်အခံပါတီဖြစ်သော People Party ပါတီ၏ လွှတ်တော်အမတ်တစ်ဦးက ရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးရန် MoU လုပ်ငန်းစဉ်ဖြင့် သတ်မှတ်ခြင်းသည် ပုံမှန်လုပ်ငန်းစဉ်များထက် အချိန်ပိုကုန်ကြောင်း ထောက်ပြဆွေးနွေးခဲ့သည်။
မြန်မာအလုပ်သမားများအနေဖြင့် သက်တမ်းတိုးလုပ်ဆောင်ရမည့် အဆင့် ၉ ဆင့်အထိ ရှိနေသဖြင့် သတ်မှတ်အချိန် တစ်လကျော်ထဲ အချိန်မီမပြီးနိုင်ခြင်းကြောင့် သက်တမ်းတိုးကာလ အချိန်တိုးမြင့်ပေးနိုင်ခြင်းရှိမရှိ လွှတ်တော်အမတ် Mr. Sahasawat Kumkhong က မေးခွန်းထုတ် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
အလုပ်လုပ်ခွင့် လက်မှတ် သက်တမ်းတိုးကာလမှာ ရက် ၃၀ ကျော်သာ ကျန်နေပြီး သက်တမ်းတိုးရမည့် အလုပ်သမားဦးရေ ၂ ဒသမ ၃၉ သန်းအထိ ရှိနေပြီး ယင်းအရေအတွက်ထဲတွင် မြန်မာအလုပ်သမား ၂ သန်းခန့်အထိ ရှိနေကြောင်း ၎င်းကဆိုသည်။
သက်တမ်းတိုးရန် သတ်မှတ်ထားသော အချိန်ကာလထဲ ပြီးမြောက်အောင် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် မည်သို့ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း လွှတ်တော်အမတ်က မေးခွန်းထုတ်ခဲ့သည်။
လက်ရှိတွင် သက်တမ်းတိုးရန် အွန်လိုင်းကတစ်ဆင့် လျှောက်ထားသူပေါင်း ၅ သိန်းခန့်အထိ ရှိနေပြီဖြစ်ပြီး အကယ်၍ အလုပ်သမားများ သက်တမ်းတိုးရန် အချိန်လုံလောက်မှုမရှိပါက သတ်မှတ်အချိန်ကို တိုးပေးနိုင်ရေး အစိုးရထံ တင်ပြသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီး Mr. Phiphat Ratchakitprakarn က ပြန်လည်ဖြေကြားခဲ့သည်။
MoU လုပ်ငန်းစဉ်အရ သက်တမ်းတိုးရမည်ဖြစ်သော်လည်း အလုပ်သမားများကို ပြည်တွင်း ပြန်ဝင်စရာမလိုပဲ သက်တမ်းတိုးနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း ဝန်ကြီးက ဖြေကြားထားသည်။
MoU လုပ်ငန်းစဉ်အရ မြန်မာသံရုံးဘက်က လက်မှတ်ထိုးအတည်ပြုပေးမည့် စခန်းများကိုလည်း ရနောင်း၊ ဘန်ကောက်နှင့် ချင်းမိုင်စသော ခရိုင်သုံးခုတွင်သာ ဖွင့်လှစ်ပေးမည့်အပေါ်တွင်လည်း လွှတ်တော်အမတ် Mr. Sahasawat က မေးမြန်းခဲ့သည်။
ယင်းစခန်းများကို မြန်မာအစိုးဘက်က အဆိုပြုထားခြင်းဖြစ်သဖြင့် မတတ်နိုင်ကြောင်းနှင့် မြန်မာအလုပ်သမား ၅၀၀၀ နှင့်အထက်ရှိသော ခရိုင်များတွင် စခန်းများ တိုးချဲ့ဖွင့်လှစ်ပေးရန် ထပ်မံအဆိုပြုပေးမည်ဖြစ်ကြောင်း ဝန်ကြီးက ဖြေကြားခဲ့သည်။
မြန်မာသံရုံးဘက်ကလည်း လူအင်အားမလုံလောက်သည့်အတွက် စခန်းသုံးခုသာ ထားရှိခြင်းဖြစ်နိုင်ကြောင်း ဝန်ကြီးက ဖြေကြားထားသည်။
လက်ရှိတွင် မြန်မာအလုပ်သမားများထံက အခွန်ကောက်ခံခြင်းမျိုး မရှိသေးပဲ မြန်မာနိုင်ငံသားဖြစ်ကြောင်း ထောက်ခံပေးရန် မြန်မာသံရုံးနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသာရှိကြောင်း အလုပ်သမားဝန်ကြီးဌာနဘက်က ဖြေကြားထားသည်။
Ref: The Reporter