လူငယ်များအားလုံး မွန်ပြည်လွတ်မြောက်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် စစ်ကောင်စီကို တွန်းလှန်နေသည့် မွန်တော်လှန်ရေးအင်အားစုများတွင် တတ်စွမ်းရာကဏ္ဍမှ ထဲထဲဝင်ဝင် တိုက်ပွဲဝင်သွားကြရန် မွန်လူငယ်များဖြင့် ဖွဲ့စည်းထားသည့် ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) က တိုက်တွန်းလိုက်သည်။
ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် ၁၃ ကြိမ်မြောက် မွန်လူငယ်များနေ့ အထိမ်းအမှတ်အနေဖြင့် NRFF က မွန်လူငယ်များကို ယခုလို တိုက်တွန်းတောင်းဆိုလိုက်ခြင်းဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မွန်နိုင်ငံရေးအတွင်း ဝိဝါဒကွဲမှုများကြောင့် တော်လှန်လူငယ်များသည့် မတူညီသည့် တော်လှန်ရေးနယ်မြေများထံ ပြန့်ကျဲရောက်ရှိခဲ့ပြီး မွန်အမျိုးသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် မွန်ပြည်လွတ်မြောက်ရေးတိုက်ပွဲများသည် ရေဆန်လှော်ရသကဲ့သို့ ခရီးမတွင်ဖြစ်နေသည်ဟု NRFF က ဆိုထားသည်။
စစ်အုပ်စုက ၎င်းတို့ရှင်သန်ရေးအတွက် တစ်ခုတည်းသောထွက်ပေါက်ဖြစ်သည့် ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲ ကျင်းပရန် လုပ်ဆောင်နေပြီး စစ်အုပ်စု ဆက်လက်ရှန်သန်စေမည့် ရွေးကောက်ပွဲအပါအဝင် လုပ်ဆောင်မှုများအားလုံးကို မွန်လူငယ်များ ဆန့်ကျင်သွားကြရန် NRFF က တိုက်တွန်းထားသည်။

စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေသည့် မွန်လူငယ်တစ်ဦးက “ဒီတော်လှန်ရေးမှာ မွန်လူငယ်တွေရဲ့ ပါဝင်မှုအားက အင်မတန်နည်းပါတယ်။ မွန်တွေရဲ့ တော်လှန်ရေးခရီး ပန်းတိုင်ရောက်ဖို့ကလည်း လူငယ်တွေရဲ့အားက အရေးပါပါတယ်။ အချိန်အခါကောင်းမှာ လူငယ်တွေ တွေဝေမနေကြဖို့ ပြောလိုပါတယ်။ မွန်လူငယ်တွေ နိုင်ငံရေး နိုးကြားကြဖို့လည်း ပြောချင်ပါတယ်” ဟု ပြောသည်။
၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် မော်လမြိုင်မြို့၌ ကျင်းပခဲ့သည့် မွန်လူငယ်များ အစည်းအဝေး စတင်ကျင်း ခဲ့သည့်နေ့ကို အစွဲပြုပြီး “မွန်လူငယ်များနေ့” အဖြစ် ၂၀၁၂ ခုနှစ် ဧပြီလက မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဝယ်ပေါင်ကျေးရွာတွင် ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် မွန်လူငယ်များ နှီးနှောဖလှယ်ပွဲတွင် ဆုံးဖြတ်ခဲ့သည်။