BREAKING
December 28, 2024

ကံပေါက်တိုက်နယ်အတွင်းရှိ လမ်းပိုင်းများကို စစ်ကောင်စီတပ်က ထပ်မံဖျက်ဆီး

December 27, 2024

ပုံစာ - ဂန့်ဂေါ်တောင်- တောင်ရင်းအင်း - ဖားချောင်း ‌လမ်းပိုင်း။ ဓာတ်ပုံ - နတလ

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်အတွင်းရှိ လမ်းပိုင်းနှစ်ခုကို ဒီဇင်ဘာလ ၂၆ ရက်ညတွင် စစ်ကောင်စီတပ်က ထပ်မံဖြတ်တောက်ကာ ဖျက်ဆီးလိုက်ကြောင်း ဒေသခံများထံမှသိရသည် ။

ဂန့်ဂေါ်တောင်ရွာနှင့် တောင်ရင်းအင်းရွာ အကြားရှိ ဆယ်အိမ်စုရွာလမ်းပိုင်းက ကွန်ကရစ်ကားလမ်းမကို လည်းကောင်း ၊ ဂန့်ဂေါ်တောင်ရွာနှင့် ဘုရားမဲရွာအကြားရှိ မြေသားလမ်း ကိုလည်းကောင်း မြေတူးစက်များဖြင့် ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည် ။

ဆယ်အိမ်စုရွာလမ်းပိုင်းရှိ ကွန်ကရစ်ကားလမ်းမ၏ လမ်းအသားများကို စက်ဖြင့်တူး၍ ကား၊ဆိုင်ကယ်များ သွားမရအောင်ဖျက်ဆီးလိုက်ပြီး ဘုရားမဲလမ်းပိုင်းတွင်မူ မြေသားလမ်းကို ကန့်လန့်ဖြတ် မြောင်းတစ်ခုတူး၍ ဖျက်ဆီးခဲ့ခြင်းဖြစ်သည် ။

” ညက ၇ နာရီလောက်က စက်ကြီးက အရှေ့က ၊ ရေတပ်က စစ်တပ်ကားက နောက်ကလိုက်ပြီး သွားဖျက်ကြတာ ၊ ည ၉ နာရီလောက်မှ ပြန်လာကြတယ် ” ဟု မျက်မြင်ဂန့်ဂေါ်တောင်ရွာသားတစ်ဦးက ပြောသည် ။

ယင်းအပြင် ဒီဇင်ဘာလ ၂၅ ရက်ကစ၍ ဂန့်ဂေါ်တောင်ရွာ အနီးရှိ စစ်ကောင်စီနှင့်ဆက်စပ်သည့် ဦးပိုင် ကုမ္ပဏီပိုင် ဆီအုန်းခြံ ဧရိယာတွင် စစ်ကောင်စီ တပ်သားများ ရောက်ရှိနေပြီး ယနေ့အထိ ဆက်ရှိနေဆဲဖြစ်ကြောင်း ရွာသားများကပြောသည် ။

ဒီဇင်ဘာလ ၂၄ ရက် ကလည်း ဇာဒီရွာ နှင့် ခေါင်ပြန်ရွာ အကြားရှိ တံတားကြီးအနီးတွင် အလျားပေ ၂၀၊ အကျယ် ၆ ပေ နှင့် အနက် ၆ ပေခန့်ရှိသည့် ကျင်းတစ်ခုတူး၍ လမ်းပိုင်း ကို ဖြတ်တောက်ခဲ့သေးသည်။

ကံပေါက်ဒေသရှိ ရေကန်တောင် တွင် ဒီဇင်ဘာလ ၁၇ ရက်က တိုက်ပွဲဖြစ်ပြီးနောက် ကလိန်အောင် -ကံပေါက်လမ်းကို ၃ ရက်ကြာပိတ်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၉ ရက်ကစ၍ အချိန်ပိုင်းဖြင့်သာ ဖွင့်ပေးနေကြောင်း ကားသမားများထံမှသိရသည် ။

“ကားသမားတွေက အချိန် ချိန်ဆလို့မရတော့ဘူး ။ သူတို့ဖွင့်ပေးတဲ့အချိန်ပဲ ဖြတ်လို့ရတယ် ။ မနေ့(ဒီဇင်ဘာ ၂၆)ကဆိုလည်း တစ်ရက်လုံးပိတ်ထားတယ် ။ အကြောင်းပြချက်မရှိဘူး။ ဒီနေတော့အချိန်နဲ့ ပြန်ပေးသွားနေတယ်” ဟု ကားသမားတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် ယခုနှစ်ဆန်းမှစ၍ ကံပေါက်တိုက်နယ် အတွင်းသို့ ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်ရောက်လာမည်စိုးပြီး လမ်းပိုင်းများကို ဖြတ်တောက်ခြင်းနှင့် စစ်ဆေးရေးဂိတ် အသစ်ဖွင့်ခြင်းများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။