BREAKING
December 27, 2024

သရက်ချောင်း ရိုးရာနတ်ပွဲတွင် လောင်းကစားဝိုင်းများပါနေ၍ ဒေသခံများဝေဖန်

December 27, 2024

သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများတွင် ရိုးရာနတ်ပွဲများကျင်းပနေပြီး လောင်းကစားဝိုင်းများလည်း နတ်ပွဲအကြောင်းပြ၍ ကျင်းပနေကြသဖြင့် ဒေသခံများအကြား ဝေဖန်မှုများရှိနေသည်။

ဒီဇင်ဘာလအတွင်း ကျွဲမင်းကုန်း၊ ပြင်းဖြူသား၊ ကနက်သီရိ စသည့် ကျေးရွာများတွင် ရိုးရာနတ်ပွဲကျင်းပခဲ့ကြရာတွင် ကြက်ဝိုင်း၊ အန်ဂလုံဝိုင်း၊ ဖဲဝိုင်း၊ အနီထောင် လောင်းကစားဝိုင်းများ ထည့်သွင်းပြုလုပ်နေကြကြောင်း ဒေသခံအချို့နှင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။

စစ်ကောင်စီနှင့် ပျူစောထီးတို့အတွက် အခကြေးငွေရှာဖွေပေးနေသည်ဟုဆိုကာ လောင်းကစားဝိုင်းများကို တော်လှန်ရေး တပ်ဖွဲ့များက မကြာခဏ ဝင်ရောက်ဖမ်းဆီးမှုများ ရှိနေသော်လည်း တော်လှန်ရေးတပ်များ စိုးမိုးထားသည့် နယ်မြေများတွင် နတ်ပွဲအကြောင်းပြ လောင်းကစားဝိုင်းများ ကျင်းပနေသည်မှာ မဖြစ်သင့်ကြောင်း ၎င်းတို့ကဆိုသည်။

အထက်ပါလောင်းကစားဝိုင်းများကို ဒေသရှိတော်လှန်ရေး အဖွဲ့များက တားမြစ်ရန်လိုအပ်ကြောင်း ထောက်ပြကြသည်။

“သူများရွာမှာကျတော့ အသည်းအသန်လိုက်ဖမ်းပြီး သူတို့ (ပကဖ) စိုးမိုးနယ်မြေမှာကျတော့ ဒီဟာတွေကို သူတို့က ခွင့်ပြုထားတယ်ဆိုတာကတော့ ပုံရိပ်တစ်ခုက အဆင်မပြေဘူးပေါ့” ဟု သရက်ချောင်းမြို့နယ်က ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

Dawei Watch က ရရှိထားသည့် ဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းများတွင် ပြင်းဖြူသားရွာ၌ ပြုလုပ်ခဲ့သည့် နတ်ပွဲတွင် အနီထောင်ဝိုင်း၊ ဖဲဝိုင်း၊ ကြက်ဝိုင်း၊ အန်ဂလုံစသည့် လောင်းကစားဝိုင်းများကို တွေ့ရပြီး ကနက်သီရိရွာနတ်ပွဲတွင် ကြက်ဝိုင်း နှင့် အန်ဂလုံကစားဝိုင်းကို တွေ့ရသည်။

ပြောက်ကျားယူနီဖောင်းဝတ်ထားသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကိုလည်း လောင်းကစားဝိုင်းရှိသည့် နတ်ပွဲတွင် သွားလာနေသည်ကို တွေ့ရသည်။

စစ်ကောင်စီ၊ ပျူစောထီးတို့က ခွင့်ပြုပေးထားသည့် လောင်းကစားဝိုင်းများကို ဝင်ရောက်ဖမ်းဆီးနေသော်လည်း ပြည်သူ့ ကာကွယ်ရေးတပ်များ စိုးမိုးလှုပ်ရှားသည့်နယ်မြေများတွင် လောင်းကစားဝိုင်းများကို တားဆီးခြင်း မရှိသည့်အပေါ် ဒေသခံအချို့နှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်တစ်ဦးက မေးခွန်းထုတ်သည်။

လောင်းကစားဝိုင်းများကို ခွင့်ပြုပေးထားခြင်းသည် စစ်ကောင်စီတပ်၏ လုပ်ရပ်နှင့်မခြားသည့်လုပ်ရပ် ဖြစ်သဖြင့် မဖြစ်သင့် ကြောင်း လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ တပ်ခွဲမှူးတစ်ဦးက ပြောသည်။

“အားလုံးခက်ခဲကျပ်တည်းနေတဲ့ တော်လှန်ရေးကာလမှာ ဒါတွေက လုံးဝမဖြစ်သင့်ဘူး” ဟု ၎င်းက ပြောဆိုသည်။

နတ်ပွဲတွင် လောင်းကစားဝိုင်းများပြုလုပ်နေသည့်ကိစ္စကို သရက်ချောင်းမြို့နယ် ပကဖနှင့် ယင်းနယ်မြေတွင် စိုးမိုးလှုပ်ရှားနေသည့် ဒေါင်းမင်းအဖွဲ့၊ ဒေါင်းညီနောင်စစ်ကြောင်းတို့ကို အသိပေးအကြောင်းကြား ပြောဆိုသော်လည်း အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း သရက်ချောင်းမြို့နယ်က ဒေသခံအမျိုးသားက ပြောဆိုသည်။

ဒေါင်းညီနောင်စစ်ကြောင်းက ပြန်ကြားရေးတာဝန်ခံကမူ ပျူစောထီးအဖွဲ့များက ခွင့်ပြုထားသည့် လောင်းကစားဝိုင်းများမှာ အကောက် ကောက်ကာ စီးပွားဖြစ် ရက်ရှည်လများ ပြုလုပ်နေခြင်းဖြစ်ပြီး ယခုရိုးရာနတ်ပွဲမှာ ဒေသခံများက ထွက်ပေါက်တစ်ခုအနေနှင့် အပျော်တမ်း ရက်တိုပြုလုပ်ခြင်းဖြစ်ကြောင်း ဆိုသည်။

“တရားဝင်ခွင့်ပြုထားတာမျိုးတော့ မရှိဘူး။ ဒါကရိုးရာလိုမျိုးတော့ ဖြစ်နေတာပေါ့။ နတ်ပွဲမှာ ကြက်ပွဲတွေ ဘာတွေတော့ ရှိကြတာပဲ၊ ဒါကိုခွင့်ပြုတာမျိုးတော့ မရှိဘူး၊ နားလည်မှုနဲ့ပေါ့နော်။ သုံးလေးရက်ကတော့ ပြည်သူလူထုက သူတို့ဘာသာ ထွက်ပေါက်အနေနဲ့ လုပ်နေတဲ့ကိစ္စကို ကျွန်တော်တို့အနေနဲ့ ကန့်ကွက်စရာလည်း မရှိဘူးပေါ့နော်။ ခွင့်ပြုစရာလည်း မရှိဘူးပေါ့” ဟု ၎င်းက ပြောသည်။

ဒေါင်းညီနောင်စစ်ကြောင်းအနေဖြင့် လောင်းကစားဝိုင်းများထံမှ အခကြေးငွေ ကောက်ခံထားခြင်းလည်းမရှိကြောင်း အထက်ပါပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

အထက်ပါကိစ္စနှင့်ပတ်သက်ပြီး သရက်ချောင်းမြို့နယ် ပကဖ၊ ပအဖတို့ကို မေးမြန်းရန် ဒီဇင်ဘာလ ၂၄ရက်မှ ဒီဇင်ဘာလ ၂၆ရက်အထိ ဖုန်းဖြင့်ဆက်သွယ်သော်လည်း အဆက်အသွယ် မရသေးပေ။

ဒီဇင်ဘာလသည် နတ်ပွဲကာလဖြစ်ပြီး ထားဝယ်ခရိုင်ရှိ ကျေးရွာများတွင် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည်တို့ အဆင်ပြေစေရန်၊ လုပ်ငန်းဆောင်တာများအဆင်ပြေစေရန်နှင့် ရွာသူရွာသားများ မိသားစုများကို စောင့်ရှောက်ပေးရန် ရွာရှင်နတ်ဘိုးဘိုးကြီးကို ကန်တော့ပွဲနှင့် နတ်ပွဲပေးကာ ပူဇော်ပသဆုတောင်းသည့် ဓလေ့ရှိသည်။

အာဏာမသိမ်းမီက နတ်ပွဲများကျင်းပရာတွင် မုန့်ဈေးတန်း၊ ကြက်ဝိုင်း၊ အန်ဂလုံဝိုင်းများပါရှိပြီး သုံးရက်အထိ ကျင်းပကြ သည်။ အချို့ရွာများတွင် နတ်ပွဲအပြင် ဇာတ်သဘင်ပွဲငှားရမ်းကာ သုံးရက်မှ ဆယ်ရက်အထိကျင်းပကြရာတွင်လည်း အနီထောင်ဝိုင်း၊ ဖဲဝိုင်း၊ ကြက်ဝိုင်း၊ ကျွဲခတ်ပွဲ၊ နွားခတ်ပွဲစသည်တို့ ထည့်သွင်းကျင်းပလေ့ရှိသည်။