သရက်ချောင်းမြို့နယ်၊ ဆင်ဖြူပြင်ကျေးရွာက လှေလုပ်သားတစ်ဦး ဒီဇင်ဘာလ၂၅ ရက် ညသန်းခေါင်ကျော်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။
အသက် ၃၅ နှစ်ခန့်ရှိ ကိုဝေယံစိုးသည် ဆင်ဖြူပြင်ဆိပ်ကမ်းက လှေထဲတွင် အိပ်ပျော်နေရာမှ နိုးလာသည့်အချိန် ရွာထဲဝင်ရန် ထွက်လာစဉ် ဆိပ်ကမ်းတွင် ကင်းချထားသည့် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။
“လှေရှင်ပြောတာက သူကအရက်မူးပြီးလှေပေါ်မှာ အိပ်ကျန်ခဲ့တာလို့ပြောတယ်။ နိုးလာတော့ အိမ်ပြန်မယ်ဆိုပြီး ထွက်လာတဲ့ အချိန်မှာ ပစ်ခတ်ခံရတာလို့ သိရတယ်။ ည ၁ နာရီလောက်ရှိပြီပေါ့နော်” ဟု ဆင်ဖြူပြင်ကျေးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။
သေနတ်ဒဏ်ရာတစ်ချက်မှာ ချိုင်းအောက်က ဖောက်ဝင်သွားပြီး သရက်ချောင်းဆေးရုံကတစ်ဆင့် ထားဝယ်ဆေးရုံကြီးသို့ တင်ပို့ထားသည်ဟု ကြားသိရကြောင်း အထက်ပါအမျိုးသားက ပြောသည်။