BREAKING
January 12, 2025

လောင်းလုံးမြို့အောက်ဘက်ကျေးရွာများကို ပိတ်ဆို့စစ်ကြောင်းထိုးနေသဖြင့် ဒေသခံများစိုးရိမ်

December 27, 2023

ပုံစာ - ကညုံကျွန်း လှေဆိပ်တစ်နေရာ (ပုံဟောင်း)

စစ်ကောင်စီတပ်က လောင်းလုံးမြို့အောက်ဘက် ကျေးရွာများကို ရေကြောင်း၊ ကုန်းကြောင်းဖြင့် ပိတ်ဆို့စစ်ကြောင်းထိုးနေသဖြင့် စိုးရိမ်နေရကြောင်း ဒေသခံတို့က ပြောသည်။

“အခုက ဘာဖြစ်လာမယ် မှန်းလို့လည်း မတတ်ဘူး။ ဘယ်နေရာမှာ ဘယ်အချိန် တိုက်ပွဲထဖြစ်မလည်းပဲ စိုးရိမ်နေရတယ်။ လယ်ထဲမှာလည်း စပါးတွေသိမ်းလို့ မပြီးကြသေးဘူး” ဟု စစ်ပြဲကျေးရွာသားတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်က လောင်းလုံးအောက်ဘက်လည်းဖြစ် ထားဝယ်မြစ်ကမ်းဘေးလည်းဖြစ်သည့် ဝေဒီကျေးရွာ၊ ကညုံကျွန်း ကျေးရွာတို့ကို ရေလမ်းဖြင့် ယနေ့ ဒီဇင်ဘာလ ၂၇ ရက် နံနက်ပိုင်းတွင်ရောက်ရှိလာခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။

ကညုံကျွန်းရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင်လည်း တပ်စွဲထားလိုက်သည့်အပြင် ရွာအနီး ထားဝယ်မြစ်ထဲတွင်လည်း လှေများဖြင့် စစ်ကောင်စီတပ်က နေရာယူထားကြောင်း ၎င်းတို့က ဆိုသည်။

ထို့အပြင် လွန်ခဲ့သည့် သုံးရက်ခန့်ကစပြီး စစ်ပြဲ၊ ညင်းမော်ကျေးရွာတို့သို့ ခြေလျင် စစ်ကြောင်းတစ်ကြောင်း ရောက်ရှိနေကြာင်း ဒေသခံတို့က ပြောဆိုသည်။

“အဲဒီတပ်က ဘယ်ရောက်သွားမှန်းလည်း ဘယ်သူ့မှ မသိဘူး။ ကျွန်တော်တို့ကတော့ တောထဲမှာပဲ ကိုယ်ဖျောက်ပြီး (တပ်ဖျောက်ပြီး) နေတယ်လို့ထင်တယ်” ဟု ‌အခြားဒေသခံတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ကုန်းကြောင်း၊ ရေကြောင်းဖြင့် ပိတ်ဆို့ စစ်ကြောင်းထိုးနေသဖြင့် အနီးအနားရှိ စစ်ပြဲ၊ ညင်းမော်၊ လေးသွန်းခံ၊ ဝေဒီ၊ ပြင်းထိန် စသည့် ကျေးရွာတို့မှ ဒေသခံများ ဘေးလွတ်ရာပြောင်းရွေ့နေကြကြောင်းလည်း ဒေသခံတို့က ပြောသည်။

ယနေ့ စစ်ကြောင်းဝင်နေသည့် ကညုံကျွန်းနှင့် ဝေဒီကျေးရွာတို့တွင် ဒေသခံများ ဖမ်းဆီးခံထားရကြောင်း ပြောဆိုကြ သော်လည်း စစ်ကြောင်းရှိနေဆဲဖြစ်သောကြောင့် အသေးစိတ်အခြေအနေအား ဒေသခံများကို မေးမြန်း၍ မရသေးပေ။

ဒီဇင်ဘာလ ၁၃ ရက်ကတည်းက လောင်းလုံးမြို့အနီးနားတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ နှစ်ဖက်စစ်ရေးတင်းမာနေကြပြီး ထိတွေ့တိုက်ပွဲငယ်များလည်း မကြာခဏဖြစ်ပွားလျှက်ရှိသည်။