Princes in The Darkness 1990s
အခန်း(၂)
ဗေဒါ က ခေါင်းကို လက်ဖြင့် အုပ်ပြီး ဝိုင်းရိုက်နေသည့်ကြားမှ တိုးထွက်ရန်ပြင်သည်။
ချွဲပြစ်ပြစ်သွေးများ၏ ပူနွေးမှုကို သူ့ခေါင်းနှင့် လက်တွင် ထိတွေ့ခံစားနေရ၏။
ဗေဒါ မျက်လုံးတို့ကို အားယူဖွင့်ကြည့်လိုက်သောအခါ မျက်နှာတစ်ခု။ နဖူးပြောင်ပြောင်၊ မျက်တွင်းမှောင်မှောင်နှင့် သွားများက နီရဲနေသည်။
“ကိုအီဆာကြီးကို ရိုက်ခဲ့တာ..မှတ်မိလား..ဟေ့ကောင်..မင်းတသက်လုံးမှတ်မိနေအောင် အခုလို လာလုပ်ပေးတာ…မင်း လို ခွေးသားပေါက်အဆင့်နဲ့ အီဆာကြီးကို မထိနဲ့”
ထို့နောက်…တုတ်ကိုယ်စီ ကိုင်ထားသော သူများက ဗေဒါ့ရှေ့မှ အလျှိုလျှိုပျောက်ကွယ်သွားသည်။
“ဗေဒါ ရရဲ့လား”
လက်ဖက်ရည်ဆိုင်ထဲတွင် ထိုင်နေသော သူများက ပြေးထွက်လာပြီး ဆွဲထူကြ၏။
သူတို့က ဗေဒါကို ဝင်ကူချင်ကြသော်လည်း တဖက်က လူအုပ်တောင့်နေသည့်အပြင် နာမည်ကြီးလူမိုက် အီဆာ၏တပည့်များမှန်းသိနေကြသည့်အတွက် ချက်ချင်းဝင်မပါကြခြင်းပင်။
ဗေဒါ သူတို့ကို လည်း အပြစ်မတင်ချင်။
အမှန်တရားဘက်က ရပ်တည်တယ်၊ မတရားမှုကို လက်ပိုက်ကြည့်မနေဟုဆိုသည့် ပတ်ဝန်းကျင်မျိုးက ရုပ်ရှင်ထဲမှာသာ။
အပြင်ဘက်လက်တွေ့ဘဝတွင်တော့ မျှော်လင့်ထားလို့မဖြစ်နိုင်။
ထို့ကြောင့်.အချိန်တန်လျှင်တော့ လူတိုင်းက ကိုယ့်ပြဿနာကို ကိုယ်တိုင်ပဲဖြေရှင်းကြရသည်မဟုတ်လား။
“ရတယ်…အား..နည်းနည်းပါးပါးဖြစ်တာပါ”
“ဘယ်ကနည်းရမှာလဲကွ…ဒီလောက်သွေးတွေရဲနေတာ….မင်း ဆေးရုံသွားမှဖြစ်မယ်..ငါသတိပေးနေလျက်နဲ့ကွာ..တောက်”
အဖျော်ဆရာကိုဝင်းမြင့်အသံမှန်း ဗေဒါသိလိုက်သည်။
“ရတယ်…ဆေးရုံသွားရင် ဇာတ်လမ်းတွေ ပိုရှုပ်ကုန်မယ်..အိမ်ကသိသွားရင်လည်း စိတ်ပူနေမယ်..ကျွန်တော့်ပြဿနာ ကျွန်တော်ရှင်းမယ်”
“ဟာ..ဒီကောင်လေးတွေ ပြောရဆိုရခက်တယ်ကွာ”
ထိုအချိန်တွင် လူအုပ်ကြားထဲသို့ ကံကြီးမောင်နှင့် အောင်မျိုးသန့် တို့ ဝင်လာသည်။
“ဗေဒါ..ယောက်ဖ..ဘယ်လိုဖြစ်တာလဲ”
“မင်းတို့ကို ငါဒီမှာ လာရှာတာ..ဆိုင်ထဲကအထွက်..အီဆာ့လူတွေ ဝိုင်းတီးသွားကြတာကွာ”
ကံကြီးမောင်က ဗေဒါ၏ သွေးများရဲနေသော ခေါင်းကို ကြည့်ကာ မျက်လုံးပြူးသွား၏။
“ဟာ..မဖြစ်ဘူး..မင်းအကွဲက များတယ်..ချုပ်မှ ရမယ်ထင်တယ်”
“ငါ ဆေးရုံမသွားချင်ဘူး…ဆေးရုံရောက်ရင် အမှုတွေဘာတွေဖွင့်နေရမယ်ကွာ..အပြင်ဆေးခန်းတွေသွားရင်လည်း ချုပ်ပေးမှာမဟုတ်ဘူးထင်တယ်.အား..ကျွတ်..ကျွတ်”
ကံကြီးမောင်က ခေတ္တမျှ စဉ်းစားလိုက်သည်။
“ယောက်လမ်းထဲမှာ ငါ့အကိုသူငယ်ချင်း ဒေါက်တာတင်ထွန်းဆေးခန်းရှိတယ်….မင်းသိမှာပါကွာ..ငါတို့ ကျောင်းတုန်းက ဒီဘဲက ဆယ်တန်းလူရည်ချွန်ခေါင်းဆောင်လေ..သူ့ဆီ သွားရင်တော့ ချုပ်ပေးလောက်တယ်”
ကံကြီးမောင်နှင့် အောင်မျိုးသန့်က ဗေဒါ့ကို တွဲထူလိုက်သည်။
ဗေဒါ၏ ယောက်ျားစီးစက်ဘီးကို ကံကြီးမောင်က နင်းသည်။ ဘားတန်းတွင် ဒဏ်ရာရလာသော ဗေဒါက ထိုင်လိုက်၏။
အနောက်ကယ်ရီယာခုံတွင် အောင်မျိုးသန့်။
ယောက်လမ်းသို့ မရောက်မီ…လမ်းတနေရာတွင် ဗေဒါအား ရိုက်နှက်သွားခဲ့သည့် လူတစ်စုကို အရက်ဖြူဆိုင်တစ်ခုရှေ့တွင် တွေ့လိုက်ရ၏။
ထိုလူစု ၏ ရှေ့တွင် ဆံပင်ကောက်ကောက်ကို နောက်လှန်ဖြီးထားပြီး အင်္ကျီအဖြူ၊ ပလေကပ်အပြာနှင့် အသားခပ်ညိုညို လူတစ်ယောက်ကို ကံကြီးမောင်က မေးငေါ့ပြသည်။
“အဲ့ဒါ..အီဆာကြီးပဲ..ဗေဒါ”
အီဆာကြီးက စက်ဘီးဘားတန်းပေါ်တွင် သွေးများရွှဲနစ်နေသည့် ဗေဒါကို လှောင်ပြုံးဖြင့် ကြည့်နေ၏။
နဘေးမှ တပည့်များကလည်း သူတို့သုံးယောက်ကို ပြုံးစိစိဖြင့်။
“ကံကြီးမောင်…စက်ဘီးရပ်ကွာ…ဒီကောင်တွေ အကုန်သတ်ပစ်မယ်”
“ဟေ့ကောင်…ဗေဒါ..ဖင်မယားနဲ့…မင်း ခေါင်းက ဟက်တက်ကြီးနော်…ငါတို့ပါ ဟက်တက်ကြီးမဖြစ်ချင်ဘူး..ခွေးမသားရဲ့”
ကံကြီးမောင်က စက်ဘီးကို ခပ်သွက်သွက်သာ နင်းချသွားသည်။
ကံကြီးမောင်၏ စကား မှန်၏။ ယခုပင် သွေးထွက်များမှုကြောင့် ဗေဒါမှာ တချက်တချက် မူးဝေဝေဖြစ်လာနေပြီဖြစ်သည်။
ဒေါက်တာတင်ထွန်းဆေးခန်းကို ရောက်သည့်အခါ ဆရာဝန်ပေါက်စ ဒေါက်တာတင်ထွန်းက ဗေဒါတို့ကို ငယ်စဉ်ကတည်းက သိနေသူ။
ထို့ကြောင့် အခြေအနေကိုမေးမြန်းပြီး..ဗေဒါ ခေါင်းမှ ဒဏ်ရာကို ချုပ်ပေးလိုက်သည်။
ခေါင်းလေးချက်၊ နောက်စေ့တစ်ချက်။ မျက်ခုံးတစ်ချက်။
လက်ကောက်ဝတ်အကြော ဖူးယောင်။
………………………
ခေါင်းမှာ ပတ်တီး၊ မျက်နှာ ပလာစတာဖြင့် အိမ်ပြန်ရောက်လာသော ဗေဒါက မိခင်ဖြစ်သူနှင့် အစ်မများက စိုးရိမ်စိတ်ဖြင့် ဝိုင်းမေးကြသည်။
သို့သော်ငြား..ဗေဒါက စက်ဘီးမှောက်သည်ဟုသာ ဖြေခဲ့သည်။
တအိမ်လုံးတွင် ဗေဒါကြောက်ရသည့် ဖခင်ဖြစ်သူမှာမူ အလုပ်ကိစ္စဖြင့် နယ်သို့ ခရီးရှည်ထွက်နေရသဖြင့် ကိစ္စမရှိ။
ခေါင်းတွင် ရသော ဒဏ်ရများကြောင့်ရော၊ လမ်းလယ်ခေါင်တွင် ဝိုင်းရိုက်ခံရသည့်အတွက် ရှက်စိတ်ကြောင့်ပါ..ဗေဒါ အိမ်ထဲမှ အိမ်ပြင်မထွက်ခဲ့။
သို့သော်…ညညအိပ်မပျော်။
သူ့အား ဝိုင်းရိုက်ပြီးသည့်နောက် အရက်ဆိုင်ရှေ့တွင် အောင်ပွဲခံသည့်မျက်နှာဖြင့် အီဆာကြီး၏ လှောင်ပြုံး။
ထိုအပြုံးတွေက သူ့စိတ်ကို တဆစ်ဆစ်နာကြင်အောင် ဆွနေသည်။
ဗေဒါသည် ပန်းဘဲတန်း၊ ကျောက်တံတားတဝိုက်ရှိ လူငယ်များအကြားတွင်တော့ လက်သွက်သူ၊ သွေးရှိသူအဖြစ် နာမည်တစ်လုံးရှိပြီးသား။
ယခု အီဆာကြီးအုပ်စုနှင့် ငြိမိသည့်အခါမျှ သူခံလိုက်ရပြီ။
ရှက်စိတ်၊ မခံချင်စိတ်တို့က ခေါင်းမှ ဒဏ်ရာများထက် ဗေဒါ့ကို ပိုမိုကိုက်ခဲစေခဲ့ပြီ။
ဗေဒါ အိပ်မပျော်။
ထို့ကြောင့် သူ့ မွေ့ယာအောက်တွင် ထားထားသည့် လှံစွပ် (ဘက်နက်) နှစ်ချောင်းကို ယူလိုက်သည်။
မီးဖိုခန်းထဲမှ ဓါးသွေးကျောက်ကို ယူလျက်…အခန်းထဲတွင် ထိုင်သွေးနေလိုက်၏။
………………………
တစ်ပတ်ခန့် အိမ်တွင်းအောင်းပြီးနောက် ဗေဒါ၏ စိတ်များ ပြန်လည်တည်ငြိမ်လာသည်။
သူငယ်ချင်းများရှိရာ သုံးရာသီလက်ဖက်ရည်ဆိုင်သို့ သူထွက်လာခဲ့၏။
ကံကြီးမောင်တို့အုပ်စုက မေဆွိသီချင်းခွေအသစ်ကို နားထောင်ရင်း လေပန်းနေကြသည်။
ဗေဒါကို မြင်တော့ သူတို့ ဝမ်းသာသွားကြ၏။
“မင်း..သေများ သေပြီလားလို့..ဗေဒါရာ”
“သေမလားကွ..ဒီလောက်နဲ့”
“မသေရင်လည်း ဉီးနှောက်တွေဘာတွေ ထိပြီး ဂေါက်သွားပြီလားလို့”
သူငယ်ချင်းများနှင့် ပြန်ဆုံသည့်အခါ စရင်းနောက်ရင်းဖြင့် ဗေဒါ၏ စိတ်တို့ ပြန်ပျော်ရွှင်သွားသည်။
ဖြစ်ခဲ့သမျှကိုလည်း အနည်းငယ်မေ့ဖျောက်နိုင်လိုက်၏။
သူငယ်ချင်းများက…ညရောက်လျှင်.ကမ်းနားလမ်းနှင့် အင်းစိန်ဆွဲသည့် ထရာ်လီကုန်ရထား တွဲလွတ်များပေါ်တွင် လိုက်စီးရင်း ဂစ်တာတီး ဆရာကြီးပင့် ဘီအီးသောက်ကြမည့်အစီအစဉ်ကို ဆွဲနေကြသည်။
“ဒီကောင်ကြီး ဒဏ်ရာသက်သာလာတဲ့ အထိမ်းအမှတ်ပေါ့ကွာ”
ကံကြီးမောင်က ဗေဒါ၏ ပုခုံးကို ဖက်ရင်း ရယ်ရယ်မောမောပြောလိုက်၏။
ထိုညနေက (၃၇)လမ်းထိပ်ရှိ အုတ်ခုံလေးတွင် ဗေဒါက သူငယ်ချင်းများကို စောင့်နေသည်။
စောင့်နေသည်ဆိုသော်လည်း ဒီအတိုင်းစောင့်နေခြင်းမဟုတ်။
ညဘက် သူတို့ပွဲအတွက် အရေးကြီးသော လုပ်ငန်းစဉ်တစ်ခုကို လုပ်ရင်း အကျိုးရှိစွာ စောင့်နေခြင်း။
ဗေဒါ၏ ပါးစပ်တွင် ဆေးပေါလိပ်ဖင်စီခံ တစ်ခုကိုကိုက်ထားသည်။
သူ့လက်မနှင့် လက်ညှိးကြားတွင် ဖင်ဖွင့်ထားသော ကျားပျံမကောက်ဆေးပေါ့လိပ်ကို ညှပ်ကာ လက်ဖဝါးအတွင်း ချေထားသော ဆေးခြောက်နှင့်ဆေးစပ်များကို ခပ်သွက်သွက်ရိုက်ထည့်လျက်။
ခဏအကြာ (၃၇)လမ်းတွင်နေသော ဘောကြီး ရောက်လာသည်။
“ဗေဒါ..ဟိုကောင်တွေ မလာကြသေးဘူးလား”
“အေး..ငါလည်းစောင့်နေတာကြာပြီ..ဒီမှာ သူတို့ကိုစောင့်ရင်း ထိုင်ရိုက်နေတာ လေးငါးတိုင်တောင် ရနေပြီ”
“နတ်သစ်ရွက်အနံ့လေးရတော့…အခုကတည်းက ဗာရာဏသီ ထူထောင်ချင်နေပြီကွာ”
ခေတ်စားနေသည့် ထိုဗန်းစကားကြောင့် ဗေဒါ ပြုံးလိုက်မိသည်။
ဗာရာဏသီ ထူထောင်သည်ဆိုသည်မှာ ရှေးက မြေဝိုင်းဇာတ်သဘင်များတွင် တိုင်းပြည်ထူထောင်ခန်းပြသသည့်အခါ သစ်ရွက်၊သစ်ခက်များထိုးထားပြီး.. “ဤကား ဗာရာဏသီပြည် ဖြစ်တော့သကိုး” ဟု ဆိုလေ့ရှိကြသည့်ဓလေ့။
ယခုလည်း ဘောကြီးက နတ်သစ်ရွက်ခြောက်လေးများဖြင့် သူ့ခံစားမှုတပြည်ထောင် ထူထောင်ချင်ပြီဆိုသည့် သဘော။
“နည်းနည်း..ဖွာချင်..ဖွာထားလေကွာ”
ဗေဒါက သူ့လက်ထဲမှ ဆေးပေါ့လိပ်ကို ဘောကြီးအား ကမ်းလိုက်၏။
ဘောကြီးက ဖင်စီခံကို လက်သည်းဖြင့် အနည်းငယ်ကုပ်ဖွလိုက်ပြီး မီးညှိ့လိုက်သည်။
“အင့်”
ဗေဒါက ဘောကြီးကမ်းပေးလိုက်သော ဆေးပေါ့လိပ်ကို တဖွာရှိုက်ထုတ်ကာ..ရှေ့ဘက်ရှိ မှောင်ရီပျိုးစ အနော်ရထားလမ်းမဆီသို့ ငေးလိုက်၏။
ထိုစဉ်။
“ဟေ့ရောင်တွေ…ဟေ့ရောင်တွေ”
မောကြီးပန်းကြီးဖြင့် ရောက်လာသော အောင်မျိုးသန့်။
“ဘာဖြစ်လာတာလဲ..ဟေ့ကောင်”
“ဘားလမ်းမှာ….ကံကြီးမောင် ဓါးထိုးခံရလို့”
“ဟင်”
ဗေဒါ ရော၊ ဘောကြီးပါ မတ်တပ်ထရပ်လိုက်ကြသည်။
“အီဆာတပည့်တွေ ထိုးသွားတာ..အီဆာ တပည့်တွေ”
………………………
ကံကြီးမောင် ၏ အသုဘ ပြီးဆုံးသွားခဲ့ပြီ။
၁၉၈၈ အရေးအခင်း ပြီးကာစ ကာလမို့..အာဏာသိမ်းစစ်တပ်သည် တရားဉပဒေစိုးမိုးရေးထက် သူတို့၏ အာဏာတည်မြဲရေးကိုသာ ဉီးစားပေးဆောင်ရွက်နေချိန်။
ကံကြီးမောင်အား ဓါးဖြင့် ထိုးခဲ့သည့် အီဆာ၏ တပည့်မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့၏။
ပန်းဆိုးတန်းတဝိုက်မှ လူလတ်တန်းစားမိဘများမှာ မွေးလာသည့် သာမန် ရပ်ကွက်ထဲမှ ခပ်ပေပေလူငယ်လေးများ နှင့် လူသတ်သမားလူမိုက်လက်ဟောင်းကြီး အီဆာတို့ အုပ်စုအကြား ထိပ်တိုက်တွေ့မှုမှသည် လူသတ်မှု အခြေအနေသို့ပင် ရောက်ရှိသွားခဲ့သည်။
အစပိုင်းက ဗေဒါတို့ အုပ်စုကို မယှဉ်ရဲသဖြင့် ငြိမ်နေကြသော ပန်းဆိုတန်းမှ လူမိုက်အချို့သည် ထောင်ထွက်အီဆာအားကိုးဖြင့် ရန်စအနိုင်ကျင့်ကြရာမှ ကံကြီးမောင် အသက်ဆုံးပါးသွားခဲ့ရပြီဖြစ်သည်။
အီဆာမှာလည်း ပန်းဘဲတန်းနှင့် ကျောက်တံတားတဝိုက်..ရမ်းကားချင်တိုင်း ရမ်းကားနေခဲ့သည်။
သူငယ်ချင်းအရင်းခေါက်ခေါက်ဖြစ်သည့် ကံကြီးမောင် အသတ်ခံရပြီးသည့်နောက် ဗေဒါ ၏ မိဘများကလည်း အခြေအနေကို သတိထားမိသွားကြ၏။
ထို့ကြောင့် ဗေဒါအား မကြာမီ သင်္ဘောတက်ရန်အတွက် စီမံဆောင်ရွက်ပေးကြတော့သည်။
ဗေဒါ၏ စိတ်ဒဏ်ရာကား ပိုမိုနက်ရှိုင်းလာခဲ့ပြီ။
ကံကြီးမောင်သေရခြင်းအတွက် သူ့တွင် အပြစ်ရှိသကဲ့သို့ ခံစားနေရ၏။
လူတစ်ယောက်လုံးကို သတ်ခဲ့သည့် အီဆာတို့ အုပ်စု က ဘာမှမဖြစ်သလို သွားလာနေကြသည်ကို မြင်ရဿည့်အခါ ပိုမို ခံပြင်းလာမိသည်။
ဗေဒါက အိပ်မရသည့်ညများတွင် ဘက်နက်နှစ်ချောင်းကိုသာ ခပ်နာနာဖိသွေးရင်း။
………………………
ဗေဒါ သင်္ဘောတက်ရန် တပတ်အလို။
အိမ်ထောင်ကျသွားပြီဖြစ်သော အမအကြီးဆုံးရှိရာ ပုဇွန်တောင်သို့ သွားရောက်ကန်တော့ပြီး..ဘားလမ်းတို့ သူပြန်လာခဲ့သည်။
သူကြင်လည်ပျော်ပါးခဲ့သော ရန်ကုန်မြို့လယ်ခေါင်ကို သူစွန့်ခွာရတော့မည်။
မသွားခင် သူငယ်ချင်းများနှင့် နှုတ်ဆက်ပွဲသောက်ရဉီးမည်။
ကံကြီးမောင်။
သူနှင့် သူငယ်တန်းကတည်းက တွဲလာခဲ့သော သူငယ်ချင်းကံကြီးမောင်ကတော့ မပါနိုင်တော့။
“ဟေ့…အမေရိကန်ခပ်ကြမ်းကြမ်းတွေချည်းပြမှာနော်…တစ်ကျပ်ခွဲကို နှစ်ကား..မကြာခင် ကားထွက်တော့မှာ..တက်ထား..တက်ထား”
(၃၅)လမ်းထိပ်အရောက်တွင် သူကြားဖူးသော အသံတစ်ခုကြောင့် ဗေဒါ တုန့်ခနဲ ရပ်လိုက်သည်။
ဂျစ်ကားတစ်စီးရှေ့တွင် ရပ်လျက် လူခေါ်နေသော တစ်ယောက်။
တခါက သုံးရာသီရှေ့တွင် သူ့ကို ရိုက်ပြီး “မင်းလို ခွေးသားပေါက်အဆင့်နဲ့ အီဆာကြီးကို မထိနဲ့” ဟု ပြောသွားခဲ့သည့် ဖူးကားလှဝင်း။
ယခု လှဝင်း လုပ်နေသော လုပ်ငန်းသည် အီဆာ၏ လုပ်ငန်းများထဲမှ တစ်ခု။
မြို့ထဲတွင် ဂျစ်ကားဖြင့် လူစုပြီး ခေါ်ဆောင်သွားကာ ဗိုလ်တစ်ထောင်ကမ်းနားရှိ ကုန်လှောင်ရုံအဟောင်းများအတွင်း ဖူးကား ခေါ် အပြာကားများပြသည့်လုပ်ငန်းဖြစ်သည်။
ဖူးကားပြရန် ဂျစ်ကားဖြင့် လူစုသည့်အလုပ်ကိုလုပ် သဖြင့် ဖူးကားလှဝင်းဟု အမည်တွင်ေနသူ။
ဗေဒါက ခပ်လှမ်းလှမ်းမှ အကဲခတ်နေလိုက်သည်။
ခဏအကြာတွင် ဂျစ်ကားခေါင်းခန်းတွင် လူတစ်ယောက်ဝင်ထိုင်လိုက်သည်ကိုတွေ့ရ၏။
အီဆာ။
ဗေဒါ မျက်လုံးထဲ မီးဝင်းဝင်းတောက်သွားသည်။
နဘေးနားရှိ ပန်းသေခေါက်ဆွဲကြော်ဆိုင်မီးဖိုမှ မီးရဲနေသော ထင်းချောင်းတစ်ချောင်းကို ရုတ်တရတ် ဆွဲထုတ်လိုက်၏။
ထို့နောက် အီဆာရှိရာသို့ ပြေးဝင်သွားသည်။
“ဟေ့ကောင်…မင်း”
ဖူးကားလှဝင်းက သူ့ကို မှတ်မိသွား၏။
“အား”
ဗေဒါက ဖူးကားလှဝင်း၏ မျက်နှာအား ရဲရဲနီနေသည့် ထင်းမီစဖြင့် ဆောင့်ထိုးကြလိုက်သည်။
သွေးရူးသွေးတန်းအော်လိုက်သော လှဝင်းအသံကြောင့် ဂျစ်ကားပေါ်တွင်ထိုင်နေကြသော အမေရိကန်ပရိသတ်အပေါင်းသူတော်ကောင်းများမှာ အလန့်တကြားဆင်းပြေးကြ၏။
ရှေ့ခန်းတွင် ထိုင်နေသော အီဆာမှာ အသံကြားသည်နှင့် ကားကူရှင်ကြားရှိ ငှက်ကြီးတောင်ဓားကို လှစ်ခနဲ ယူကာ ခုန်ဆင်းလိုက်သည်။
အနီးအနားမှ အီဆာ၏ လူများကလည်း တုတ်၊ဓား၊ လေးဂွကိုယ်စီကိုင်ကာ.ဝန်းရံလိုက်ကြ၏။
ပတ်ဝန်းကျင်အခြေအနေကို မလေ့လာပဲ ဒေါသအလျောက်တုန့်ပြန်လိုက်မိသည်က ဗေဒါ၏ အမှား။
အီဆာအနားသို့ မရောက်မီပင်..လေးဂွများ၊ တုတ်၊ဓား၊ချိန်းကြိုးများကို ဗေဒါရင်ဆိုင်လိုက်ရသည်။
ဗေဒါက သူ့ရပ်ကွက်ရှိရာ ဘားလမ်းသို့ ပြေးသည်။
အနောက်မှ အီဆာတို့ အုပ်စုက လိုက်ကြ၏။
ကျောက်တံတားရပ်ကွက်အတွင်းပိုင်းသို့ ရောက်သောအခါ ဗေဒါ၏ ရပ်ကွက်အခံများကလည်း ဓါးဆွဲ၊တုတ်ဆွဲကာ ထွက်လာကြသည်။
ကံကြီးမောင်သတ်မှုအတွက် မကျေနပ်ကြသော ကျောက်တံတားသားလူငယ်အချို့နှင့် ပန်းဘဲတန်းသားလူမိုက်အီဆတ်အဖွဲ့တို့ ထိပ်တိုက်တွေ့ကြပြီ။
ဗေဒါက တိုက်ခန်းပေါ်သို့ ပြေးတက်သွားသည်။
တံခါးလာဖွင့်ပေးသော မိခင်ဖြစ်သူက ဗေဒါ၏ ပုံစံကြောင့် အလန့်တကြားဖြစ်သွား၏။
လေးခွများဖြင့် ဝိုင်းအပစ်ခံထားရသောကြောင့် ဗေဒါ့မျက်နှာမှာ ဖူးယောင်နေသည်။
“သား..ဘာဖြစ်လာတာလဲ…ဘာဖြစ်လာတာလဲ”
ဗေဒါက သူ့အခန်းထဲသို့ ဝင်ကာ လှံစွပ်နှစ်ချောင်းကို တစ်ဖက်ဆီမှ ကိုင်လိုက်သည်။
ထို့နောက် အပြင်သို့ ပြန်ထွက်ကာ လှေကားများအတိုင်း ပြေးဆင်းသွား၏။
မိခင်ကြီးမှာ အလန့်တကြားဖြင့် အော်ဟစ်ကျန်ရစ်တော့သည်။
ဗေဒါတို့ လမ်းထိပ်တွင် လူကြီးလူငယ်များက အီဆာတို့ အုပ်စုနှင့် ရင်ဆိုင်နေကြ၏။
အီဆာက ဗေဒါက အသားလွတ်ရန်ရှာရိုက်နှက်သွားသဖြင့် ဗေဒါ့ကို ထုတ်ပေးရန်သာ တွင်တွင်ပြောနေသည်။
လက်ထဲတွင်လည်း ငှက်ကြီးတောင် တဝံ့ဝံ့ဖြင့်။
ထိုအချိန်တွင် ရုတ်တရတ် လူအုပ်ကြီးရှေ့ တိုးထွက်လာသော ဗေဒါကြောင့် အီဆာ အံဩသွားသည်။
“ဟေ့ရောင်…မင်း ဒီလောက်မိုက်နေရင်…အုပ်စုလိုက် မိုက်မနေနဲ့…မင်းနဲ့ငါ တစ်ယောက်ချင်း သတ်မယ်..လာခဲ့”
လူအုပ်ကြီးရှေ့တွင် စိန်ခေါ်ခံလိုက်ရသော ဝါရင့်လူမိုက်ကြီး အီဆာ သည် မည်သည်ကိုမျှ တွေးမနေတော့။
ငှက်ကြီးတောင်ဓါးကို ကိုင်ကာ ဗေဒါ့ကို ပြေးပိုင်းလိုက်သည်။
သို့သော်..ဗေဒါ၏ လက်ထဲတွင် ရှိနေသော လှံစွပ်နှစ်ချောင်းကို သူ သတိမပြုမိခဲ့။
ဗေဒါက အီဆာ၏ ရင်ဘတ်ကြားသို့ ပြေးဝင်လုံးလိုက်၏။
“ဇွတ်..ဇွတ်”
ဗေဒါ၏ အလန့်တကြားထိုးချက်များက အီဆာ၏ ပေါင်ရင်းသို့ တစ်ချက်။ ပေါင်ရင်းထိသွားသဖြင့် ဟန်ချက်ပျက်သွားစဉ် လည်မြို့ထဲသို့ တစ်ချက်။
လူချင်းဆွဲခွာလိုက်ချိန်တွင် အီဆာမှာ မြေပြင်တွင် ပုံလျက်သားလဲကျသွား၏။
ထို့နောက် ပေါက်ထွက်သွားသော လည်မြို သွေးများ ပွက်ခနဲကျလာသည်။
အီဆာသည် လေကို တခွီးခွီးဖြင့် အငမ်းမရရှူရင်း အသက်ထွက်သွားတော့သည်။
အချိန်ကား စက္ကန့်ပိုင်းမျှသာ။
ပတ်ဝန်းကျင်တစ်ခုလုံးက သူတို့ အဖြစ်ကို ကြောင်ကြည့်နေကြ၏။
“မအေလိုး..အီဆာတပည့်တွေ…မင်းတို့ကောင်တွေ…ငါ့သူငယ်ချင်း.ကံကြီးမောင်ကို သတ်တုန်းက ထွက်ပြေးတယ်နော်..ငါက ယောက်ျားကွ..မင်းတို့လို စောက်သရဲဘောမကြောင်ဘူး…အခု ရဲစခန်းမှာ သွားအဖမ်းခံမှာ..ငါအဖမ်းမခံခင်…သေချင်တဲ့ကောင်…ထွက်လာဉီး”
ခက်ဇော်
*** အခန်း ၃ ကို သဘက်ခါ ညနေ ၆ နာရီမှာ တင်ဆက်သွားပါမယ် ***