တနင်္သာရီတိုင်းတွင် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် စစ်ကောင်စီက ကြိုးပမ်းလုပ်ဆောင်နေသည်။
မြိတ်နှင့် ကော့သောင်းတွင်း ခရီးသွားလုပ်ငန်းအချို့ ပြန်စနေပြီဖြစ်သော်လည်း ထားဝယ်ခရိုင်တွင်မူ ခရီးသွားလုပ်ငန်းများ ရာနှုန်းပြည့်ရပ်တန့်နေဆဲဖြစ်သည်။
ထားဝယ်ခရိုင်မှာ တနင်္သာရီတိုင်းအတွင်း အာဏာရှင်စနစ်ကို အပြင်းထန်ဆုံး တော်လှန်နေသဖြင့် ပဋိပက္ခဖြစ်ပွားမှု အများဆုံးဒေသတစ်ခုဖြစ်ပြီး ခရီးသွားလုပ်ငန်းများလည်း ရာနှုန်းပြည့်ရပ်နားနေခြင်းဖြစ်သည်။
ခရီးသွားလုပ်ငန်းများ အခြေအနေကို သိရှိနိုင်စေရန် ယခုအပတ် တနင်္သာရီ ပုံရိပ်အစီအစဉ်တွင် ဖော်ပြအပ်ပါသည်။
“နယ်မြေတစ်ခု မအေးချမ်းရင် ဘယ်သူမှ စွန့်စားပြီးမလာကြဘူး”
ထားဝယ်မြို့က ခရီးသွားဝန်ဆောင်မှု လုပ်ငန်းရှင်တစ်ဦး
DW ။ အစ်ကိုတို့ ကုမ္ပဏီအကြောင်းလေး အရင်ဆုံးပြောပြပေးပါ။
ဖြေ ။ အရင်ကဆိုရင် ကော့သောင်းကနေ ထားဝယ်အထိ ခရီးသွား ဝန်ဆောင်မှုတွေ ပေးတယ်။ ကော့သောင်းနဲ့ မြိတ်ဆိုရင် ကျွန်းတွေကိုပို့ပေးမယ်။ ထားဝယ်မှာဆိုရင် ပင်လယ်ခရီးသွား လုပ်ငန်းရှိမယ်။ ရှင်ကိုးရှင်ဘုရားဖူးပို့တာရှိမယ်။
DW ။ အစ်ကိုတို့လုပ်ငန်း ရပ်နားလိုက်ရတဲ့ အခြေအနေကို ပြောပြပေးပါလား။
ဖြေ ။ ကျွန်တော်က မောင်းမကန်ကမ်းခြေမှာ စပိဘုတ်လှေ အပျော်စီးလှေတွေလုပ်မယ်၊ ရေဆိုင်ကယ်တွေလုပ်မယ်၊ ဘုတ်ကျွန်းတွေကိုပို့မယ် စသည်ဖြင့် လုပ်မယ်ဆိုပြီး လုပ်တဲ့အချိန်မှာပဲ ကိုဗစ်နဲ့တွေ့သွားတယ်။ အဲဒါပြီး နိုင်ငံရေးကိစ္စတွေဖြစ်တော့ အခုထိပဲပေါ့ ရပ်ထားလိုက်တာ။ ထားဝယ်ခရိုင်မှာဆိုရင် ခရီးသွားဝန်ဆောင်မှုတွေ အားလုံး တစ်ရာရာခိုင်နူန်းရပ်ထားကြတယ်။
DW ။ ဆက်ပြီးတော့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ဖို့အစီအစဉ်ရှိသေးလား။
ဖြေ ။ ကျွန်တော်တို့ ခရီးသွားလုပ်ငန်းဆိုတာက ဒေသငြိမ်းချမ်းဖို့လိုတာကိုး။ နောက်စီးပွားရေး ကောင်းနေဖို့လိုတာကိုး။ ဒါမှလည်းလူတွေက အပျော်ခရီးထွက်ကြမှာလေ။ ဒါပေမဲ့ လောလောဆယ်မှာက အဲဒီနှစ်ခုက အဆင်မပြေဘူး။ ခရီးသည်အပေါ်မှာ လုံခြုံရေးအပြည့်အဝ အာမမခံနိုင်ဘူး။ နောက်တစ်ခုက ထားဝယ်ဒေသခရီးသွားလုပ်ငန်းက ပြည်တွင်းက ခရီးသွားတဲ့သူတွေကတော့ မောင်းမကန်ကမ်းခြေတို့လောက်ပဲဆိုတော့ သူတို့ဘာသာ ကားနဲ့လာလို့ရတော့ ခရီးသွားဝန်ဆောင်မှုတွေ မလိုဘူးသူတို့အတွက်က။ နိုင်ငံခြားခရီးသည်တွေကြတော့ တောတောင်တွေကို စိတ်ဝင်စားတယ်။ အခုထားဝယ်ဒေသရဲ့ အခြေအနေကလည်း သိတဲ့အတိုင်းပဲလေ။ ဆိုတော့ ခရီးသွားလုပ်ငန်းကို လုံးဝစွန့်လွှတ်လိုက်တာတော့မဟုတ်ဘူး။ အခြေအနေပေးရင် လုပ်ချင်တဲ့ဆန္ဒရှိသေးတယ်။
DW ။ အခုပွင့်လင်းရာသီမှာ ခရီးသွားလုပ်ငန်းတွေစမယ်ဆိုပြီး စစ်ကောင်စီက ပြောတာ၊ ဆိုတာရှိလာတယ်။ ထားဝယ်အနေအထားနဲ့ ခရီးသွားလုပ်ငန်း အကောင်ထည်ဖော်ဖို့ ဖြစ်နိုင်၊ မဖြစ်နိုင် အဲဒီအပေါ်ဘယ်လိုမြင်လဲ။
ဖြေ ။ ခရီးသွားလုပ်ငန်းဆိုတာကတော့ တော်တော်ကျယ်ပြန့်တယ်။ ယဉ်ကျေးမှုတွေ အကြောင်းကိုပြမှာလား။ ရေမြေ သဘာဝရှူခင်းတွေကိုပြမှာလား။ ကျွန်တော်တို့ဒေသက မန္တလေး၊ စစ်ကိုင်းတို့လို နီးနီးနားနား ဘုရားဖူးသွားကြတာထက် တောထဲတောင်ထဲနဲ့ အဓိကကတော့ ကမ်းခြေတွေကိုသွားကြရတာကိုး ကမ်းခြေလို့ပြောလိုက်တာနဲ့ လောင်းလုံးမြိုနယ်ကို ပြောရတော့မယ်။ (လောင်းလုံးမြို့နယ်မှာ မောင်းမကန်၊ ဖိုးဖိုးကျောက်၊ မြင်းခွာအော်၊ ပါရာဒိုက်၊ စမ်းလှမ်း၊ တီဇစ်၊ မျှော်ရစ် စတဲ့ကမ်းခြေများစွာရှိ) ဆိုတော့ လောင်းလုံးအနေအထားနဲ့ ကမ်းခြေသွားဖို့ဆိုတာ (လုံခြုံရေးအခြေအနေ) စဉ်စားရတော့မယ်။ နီးနီးနားနားနေ့ချင်းပြန်ဆို ရနိုင်ပေမယ့် ဝေးဝေးလံလံဆို ညအိပ်ဖို့လိုလာပြီ။ အခုအနေအထားနဲ့တော့ ပြန်သုံးသပ်ကြည့်ပေါ့ဗျာ။ ခရီးသွားလုပ်ငန်းဆိုတာ နယ်မြေဒေသအေးချမ်းမှုနဲ့ တိုက်ရိုက်အချိုးကျတယ်။ ဒီနယ်မြေတစ်ခု မအေးချမ်းရင် ဘယ်သူမှ စွန့်စားပြီးမလာကြဘူး။
DW ။ ထားဝယ်ခရိုင်အနေအထားအရ လုံခြုံရေးအခြေအနေအရ ခရီးသွားလုပ်ငန်းအတွက် အဆင်မပြေဘူးဆိုတော့ ကျန်တဲ့၊ မြိတ်ခရိုင်နဲ့ ကော့သောင်းခရိုင်ဆိုရင်ရော ဖြစ်နိုင်ခြေရှိလား။
ဖြေ ။ မြိတ်နဲ့ကော့သောင်းကတော့ လုံးဝဖြစ်နိုင်တဲ့ အခြေအနေရှိတယ်လို့ မြင်တယ်။ ဘာလို့ဖြစ်နိုင်တယ်ဆိုပြီး ပြောနိုင်တာလဲဆိုတော့ ခရီးသည်တွေက ထားဝယ်ကိုဆို ကားနဲ့လာကြတာများတယ်။ ကော့သောင်းနဲ့ မြိတ်ဆိုရင် လေကြောင်းကနေ လာကြတာများတယ်။ အခု ကော့သောင်းနဲ့ မြိတ်မှာ ညဖက်ဆိုရင် ပုံမှန်လိုမျိုးဖြစ်နေတယ်။ ဧည့်သည်တစ်ယောက်က လာတာနဲ့ ဟိုတယ်ထဲမှာ မနေချင်ဘူး။ ညဘက်အပြင်လေးထွက် ဈေးပတ်ဝယ်ချင်ကြတယ်။ ထားဝယ်မှာ ည ၇ နာရီနောက်ပိုင်း ဘယ်ဆိုင်သွားမှာလဲ။ အဲလိုကွာခြားချက်လေးတွေရှိတယ်။
DW ။ ဒီလို လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့အချိန်မျိုးမှာ ခရီးသွားလုပ်ငန်းတွေ ရပ်တည်ရတာ ဘယ်လိုအခက်အခဲတွေရှိနိုင်လဲ။
ဖြေ ။ ပထမဆုံးပြောချင်တာက ခရီးသွားလုပ်ငန်းတစ်ခု ဒီလိုအချိန်မှာ ရပ်တည်ဖို့ဆို တော်တော့်ကိုမလွယ်ကူဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခရီးသည်တွေဆိုတာက စိတ်အပန်းဖြေချင်လို့၊ အချိန်အားလပ်လို့၊ အေးဆေးနေချင်လို့လာကြတာ။ မဖြစ်မနေ အရေးကြီးကိစ္စရှိလို့ လာကြတာမဟုတ်ဘူးလေ။ ဒီဒေသကို လေ့လာချင်လို့ မြင်ဖူးချင်လို့၊ လျှောက်သွားချင်လို့လာတာလေ။ ဥပမာ ဆီးရီးယားနိုင်ငံနဲ့ ဒူဘိုင်းဆိုရင် ဘယ်သွားမလဲ ဆီးရီးယားသွားမလား စဉ်းစားကြည့်ပေါ့။ အဲဒါကြောင့် ကျွန်တော်ပြောတာ ခရီးသွားလုပ်ငန်းဆိုတာ နယ်မြေအေးချမ်းမှုနဲ့ တိုက်ရိုက်သက်ဆိုင်တယ်လို့။ အခုချိန်မှာ ညမထွက်ရအမိန့်ဆိုတာရှိတယ်။ ခရီးသည်လိုက်ပို့ရင်းနဲ့ ညမိုးချုပ်သွားလို့ လမ်းမှာ စစ်ဆေးမေးမြန်းတာတွေ ရှိနေမယ်ဆိုရင်၊ တံတားကိုကားစီးပြီး ဖြတ်မရလို့ ခရီးသည်တွေ ကားပေါ်ကဆင်းပြီး လမ်းလျှောက်ခိုင်းနေရမယ်ဆိုရင် အဲဒါတွေရှိတယ်။ ကျွန်တော်တို့ဒေသလူတွေတောင်မှ အနီးအနားက မောင်းမကန်ကမ်းခြေကိုတောင် သိပ်မသွားချင်ကြတော့ဘူးလေ။
DW ။ နောက်ဆုံးအနေနဲ့ အနာဂတ် ထားဝယ်ဒေသ ခရီးသွားလုပ်ငန်းအပေါ် သုံးသပ်ပေးပါလား။ ဘယ်လိုဖြစ်လာနိုင်လဲပေါ့။
ဖြေ ။ ထားဝယ်ဒေသဟာ ရာသီဥတုသင့်တင့်မျှတတယ်။ အစားအသောက်ပေါတယ်။ လည်ပတ်စရာ နေရာအသစ်တွေ အများကြီးရှိတယ်။ ဒေသခံတွေက ဖော်ဖော်ရွေရွေရှိကြတယ်။ လိုအပ်တဲ့ ရင်းမြစ်တွေအရမ်းကြွယ်ဝတယ်။ ဥပမာ မောင်းမကန် ကမ်းခြေဆိုရင် (ထိုင်းနိုင်ငံ) ဖူးခက်မြို့က ပတ္တရားကမ်းခြေထက်သာတယ် အများကြီးလုပ်လို့ရသေးတယ်။ လက်မှုလုပ်ငန်းတွေရှိတယ်။ ရိုးရာယဉ်ကျေးမှု စတဲ့ပြစရာတွေ အများကြီးရှိတယ်။ တကယ်ဆိုရင် ထားဝယ်ဒေသခရီးသွားလုပ်ငန်းက အခုချိန်မှာ အများကြီးတိုးတက်နေလောက်ပြီ။ ကိုဗစ်ကြောင့်နောက် နိုင်ငံရေး တင်းမာမှုတွေကြောင့် ဒီလိုဖြစ်နေတာ။ ပြောချင်တာက အနာဂတ် ထားဝယ်ဒေသ ခရီးသွားလုပ်ငန်း ပြန်ပြီးဦးမော့လာဖို့အတွက် အရေးအကြီးဆုံးက နယ်မြေအေးချမ်းဖို့ပဲ။ နယ်မြေအေးချမ်းနေရင် မြန်မြန်တိုးတက်လာမယ်။
DW ။ ကျေးဇူးတင်ပါတယ်။
“ထားဝယ်က ခရီးသွားကုမ္ပဏီတွေက တော်တော်များများ ရပ်ဆိုင်းကုန်ပြီ”
ထားဝယ်ဒေသ ဧည့်လမ်းညွန်တစ်ဦး
DW ။ ပွင့်လင်းရာသီ ထားဝယ်ဒေသ ခရီးသွားလုပ်ငန်းအလားအလာ ဘယ်လိုရှိလာနိုင်မလဲ။
ဖြေ ။ ခရီးသွားလုပ်ငန်းအနေနဲ့ တို့ဆီမှာ ဘာမှကိုအစီအစဉ်မရှိဘူး။ ခရီးစဉ်တွေလည်းမရှိဘူး။ လိုင်စင်ကိုတောင် သက်တမ်းမတိုးတော့ဘူးလို့ လုပ်ထားတယ်။
DW ။ ထားဝယ်က ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီတွေရဲ့အခြေအနေကို သိသလောက် ပြောပြပေးပါ။
ဖြေ ။ ထားဝယ်က ခရီးသွားကုမ္ပဏီတွေက တော်တော်များများ ရပ်ဆိုင်းကုန်ပြီ။ နားနေကြတာ ကြာပါပြီ။ ငါဆိုရင် ဧည့်လမ်းညွန်မလုပ်တော့ဘူး။ မြို့ထဲမှာ(–) အလုပ်ပဲလုပ်နေရတော့တယ်။ အဲလောက်ပဲနော်။
DW ။ ကျေးဇူးတင်ပါတယ်။
“သုံးနိုင်ဖြုန်းနိုင်သူတွေပဲ အဓိကလာကြတာလေ”
မြိတ်မြို့နေ ခရီးသွားလုပ်ငန်းရှင် တစ်ဦး
DW ။ ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းမှု ဆက်တိုက်ဖြစ်တာကြောင့် ခရီးသွားလုပ်ငန်းတွေ ရပ်နားခဲ့ပြီး လက်ရှိပြန်စနေပြီလို့သိရတယ်။ ခရီးသည် ဝင်ရောက်မှုက ဘယ်လိုအခြေအနေရှိနေလဲ။
ဖြေ ။ ခရီးသည်ဝင်ရောက်မှုက တော်တော်လေး ကွာခြားသွားတယ်။ ဒီနှစ် အောက်တိုဘာမှာ ခရီးသည် ၁၁၂ ဦး၊ နိုဝင်ဘာမှာ ၄၀၈ ဦး၊ ဒီဇင်ဘာလမှာ ၂၃ ရက်နေ့အထိတော့ ၃၀၄ ယောက်ပေါ့နော် လာတာရှိတယ်။ အားလုံးက လေကြောင်းကလာကြတယ်။ အဲဒီအထဲမှာမှ ကုမ္ပဏီအသီးသီးကနေ ကျွန်းခရီးစဥ် သွားကြသူက ငါးရာကျော်လောက်ရှိပါတယ်။ ခရီးသည်လျော့သွားတာကတော့ စရိတ်ကြီးမြင့်တာရယ်။ ကားလမ်းကြောင်းတွေ အခြေအနေ သိပ်မကောင်းတာရယ်ကြောင့်လည်း ပါတယ်။
DW ။ အရင်ကအခြေအနေနဲ့စာရင် ကွာခြားမှုက ဘယ်လောက်ရှိသွားလဲ အနီးစပ်ဆုံးခန့်မှန်းခြေလေး ပြောပေးပါ။
ဖြေ ။ အရင်က ဒီအချိန်လောက်ဆို ကျွန်းခရီးသွားသူ ၁၅၀၀ ကနေ ၁၆၀၀ လောက်တော့ ရှိနေပြီ။ခုက ၅၀၀ ဆိုတော့ တော်တော်လေး ကွာခြားသွားတာပေါ့။ ဒီနောက်ပိုင်းမှာလည်း ဈေးနှုန်းတွေ ကြီးမြင့်သွားတယ်ဆိုတော့ တော်ရုံလူတွေက မလာနိုင်ကြတော့ဘူး။ သုံးနိုင်ဖြုန်းနိုင်သူတွေပဲ အဓိကလာကြတာလေ။ ဟိုတုန်းက လေးငါးသိန်းနဲ့အဆင်ပြေပေမဲ့ လက်ရှိ မြိတ်ကို လာပြီးကျွန်းခရီးစဥ်သွားမယ်ဆို အနည်းဆုံးက ၉ သိန်းနဲ့ ၁၀ သိန်းကြားမှာ သုံးနိုင်မှ လာလို့ရမှာလေ။
DW ။ ဟုတ်ကဲ့။ လာတဲ့သူတွေက ဘယ်နေရာတွေက အများဆုံးလို့ သိရလဲ။ ပြီးတော့ဈေးနှုန်းက ဘယ်လောက်ကြီးမြင့်သွားသလဲ။
ဖြေ ။ လာတဲ့သူအများဆုံးက ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းက အများဆုံးလာကြတယ်။ အနည်းဆုံးက ရခိုင်ပြည်နယ်ပဲ။ ဈေးနှုန်းကတော့ အရင် တစ်သိန်းနှစ်သောင်းကျပ်ပေးရတဲ့ ခရီးစဥ် လက်ရှိ နှစ်သိန်းနှစ်သောင်းကျပ် ဖြစ်သွားတယ်ပေါ့။
DW ။ ဟုတ်ကဲ့။ကျွန်းခရီးစဥ်က ဘယ်နှစ်ခုရှိလဲ။ ခရီးသည်တွေက ဘယ်ကျွန်းတွေကို အဓိက ဦးစားပေးပြီးသွားကြလဲ။ ဒေသခံတွေကရော သွားသူရှိကြရဲ့လား။
ဖြေ ။ ကျွန်းခရီးစဥ်က လက်ရှိသုံးခုရှိတယ်။ ၁ – စမတ်၊ဒုံးရေတံခွန်၊ဒုံးညောင်မှိုင်း ၂ – စမတ်။ဘေလီ၊ကြယ်လိပ်။ ၃ – လေးကျွန်း၊သမီးလှ၊ငါးမွေးမြူရေးကျွန်းတွေပါ။ ခရီးသည်တွေ အများဆုံးသွားကြတာကတော့ စမတ်ကျွန်း (ကျောက်စရစ်ကျွန်း)၊ ဒုံးရေတံခွန်၊ ဒုံးညောင်မှိုင်း (မော်ကင်းဆလုံရွာ)ခရီးစဥ်ရယ်။ နောက်ပြီး စမတ်၊ဘေလီ၊ကြယ်လိပ် ခရီးစဥ်တွေပဲ သွားကြတာများတယ်။ ဒေသခံတွေအနေနဲ့ကတော့ ဈေးနှုန်းသက်သာတဲ့ လေးကျွန်းတို့ သမီးလှကျွန်းတို့ သွားကြတာများတယ်။
DW ။ ဈေးနှုန်းတွေက ဘယ်လိုရှိကြလဲခင်ဗျ။
ဖြေ ။ စျေးနှုန်းတွေက တစ်သိန်းရှစ်သောင်း၊ နှစ်သိန်းနှစ်သောင်း၊ သုံးသိန်း အသီသီးရှိကြတယ်။ စမတ်၊ကြယ်လိပ်၊ဘေလီက ဈေးအကြီးဆုံးနဲ့ လေးကျွန်းသမီးလှက ဈေးအနည်းဆုံးပါ။
DW ။ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုအခက်အခဲတွေ ရှိနေလဲ။ ဒါနဲ့ပတ်သက်ပြီး ဘာတွေပြောချင်တာရှိလဲ။
ဖြေ ။ ခရီးသွားလုပ်ငန်းဆိုတာက တိုင်းပြည်လည်းအေးချမ်းမယ် (လောင်စာ) ဆီဈေးနှုန်းတွေလည်း နည်းရင်ပေါ့ဗျာ။ ဟိုတုန်းကလို တစ်နှစ်ကို သုံးလေးထောင်တော့ လာနိုင်ကြတာပေါ့။ ကျွန်တော့်အမြင်ကိုပြောရရင် ကမ္ဘာကြီးဘယ်လို (ပဋိပက္ခ) ဖြစ်နေနေ လေ့လာလည်ပတ်ချင်တာပဲဖြစ်ဖြစ် စိတ်အပန်းဖြေတာပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးနဲ့ ခရီးသွားတွေက လာနေကြဦးမှာပါ။
DW ။ ဟုတ်ကဲ့ ဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ် ခင်ဗျား။