BREAKING
January 22, 2025

မဟာချိုင်က မြန်မာလုပ်သားများထံမှ ငွေလိမ်သွားသည့် ထိုင်းအမျိုးသမီးနှစ်ဦး လာအဖမ်းခံ

November 27, 2024

ပုံစာ - စက်ရုံရှေ့တွင် မြန်မာအလုပ်သမားများ နိုဝင်ဘာလ ၂၀ရက်က တောင်းဆိုနေကြစဉ်။ ဓာတ်ပုံ - Hla Khaing

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသရှိ စက်ရုံတွင် အလုပ်ဝင်ရမည်ဟုဆိုကာ မြန်မာအလုပ်သမားများထံမှ ဘတ်သိန်းဆယ်ချီ လိမ်လည်သွားသော ထိုင်းအမျိုးသမီးနှစ်ဦး နိုဝင်ဘာ ၂၅ ရက်နေ့က ရဲစခန်းတွင် လာရောက်အဖမ်းခံခဲ့ကြောင်း အမှုကို ကူညီဆောင်ရွက်ပေးနေသော AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

ယင်းထိုင်းအမျိုးသမီးနှစ်ဦးကို နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ခွန့်ခမ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ပြီးနောက် လေးရက်အကြာတွင် ရဲစခန်း၌ ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ခြင်းဖြစ်ကြောင်း AAC မဟာမိတ်အဖွဲ့၏ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။

“သူတို့ ဘာကြောင့် ဒီငွေတွေကို လိမ်ရလဲဆိုတာနဲ့ပတ်သက်ပြီး တရားရုံးမှာ သက်သေထွက်ဆိုဖို့ သူတို့အိမ်နံပါတ်နဲ့ ရဲစခန်းက စာပို့တော့ သူတို့ကိုယ်တိုင်လာအဖမ်းခံတာ” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သော နိုဝင်ဘာလ ၂၀ ရက်နေ့က မဟာချိုင်ရှိ စက်ရုံတစ်ခုတွင် အလုပ်ရရန် မြန်မာအလုပ်သမား ၁၅၀ ခန့်ထံမှ အလုပ်လျှောက်ထားခနှင့် စာရွက်စာတမ်းကြေးများအတွက် ဘတ်ငွေ သိန်းဆယ်ချီကို ယင်းအမျိုးသမီးနှစ်ဦးက လိမ်လည်ယူဆောင်သွားခြင်းဖြစ်သည်။

အထောက်အထားမရှိသော မြန်မာများထံမှ ဘတ် ၇၀၀၀ စီနှင့် စာရွက်စာတမ်းပြည့်စုံသူများကို ဘတ် ၃၅၀၀ စီကြိုတင်ကောက်ခံခဲ့ခြင်းဖြစ်ပြီး လျှောက်ထားသော မြန်မာအလုပ်သမား ၃၀၀ ခန့်အထိ ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း AAC မဟာမိတ်အဖွဲ့က ဆိုသည်။

စက်ရုံတွင် အလုပ်စဝင်ခိုင်းသော နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အလုပ်မဝင်ရသဖြင့် မြန်မာအလုပ်သမား ၁၄၉ ဦးသည် စက်ရုံရှေ့တွင်ညဘက်အထိ အလုပ်လျှောက်ထားခအားလုံး ပြန်ရရေး ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

ယင်းညတွင် ကောက်ခံထားသော စာရင်းအရ အလုပ်သမားများ အလိမ်ခံရသော ငွေပေါင်း ဘတ် ၁၅ သိန်းကျော်အထိ ရှိနေခဲ့ကြောင်း ဦးခိုင်ကြီးက ရှင်းပြသည်။

လက်ရှိတွင် အမှုတိုင်ကြားထားသူ အရေအတွက် ၅၀ ကျော်သာရှိနေသေးပြီး အထောက်အထားမရှိသူများနှင့် စာရွက်စာတမ်းမပြည့်စုံသော မြန်မာအလုပ်သမားများ အမှုဖွင့်ရန် ကျန်ရှိနိုင်သေးသဖြင့် ၎င်းတို့အတွက် အမှုတိုင်ကြားရန် အခက်အခဲဖြစ်နေကြကြောင်း ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။

“လက်ရှိ တိုင်ထားတဲ့သူတွေက ပိုက်ဆံတွေ ပြန်ရဖို့ များတယ်။ မလာတဲ့သူတွေကတော့ မရဖို့ များနေတယ်။ မလာတဲ့သူတွေအတွက် ကျွန်တော်တို့ အဖွဲ့အစည်းတွေက ကိုယ်စားသွားပြီး ထုတ်လို့ကလည်း မရပြန်။ ဒါကြောင့် ကျန်ခဲ့နိုင်တယ်ပေါ့နော်” ဟု ဦးခိုင်ကြီးက ဆိုသည်။

လက်ရှိတွင် အလုပ်လျှောက်ထားခများ ပြန်ရရေးအတွက် မြန်မာအလုပ်သမားများ၏ သက်သေအထောက်အထားများကို စုဆောင်းနေကာ ကျန်ရှိသူများကလည်း စာရွက်စာတမ်းပြည့်စုံသူများနှင့် တွဲဖက်၍ အမှုကို လာရောက်တိုင်ကြားနိုင်ကြောင်း AAC မဟာမိတ်အဖွဲ့က တိုက်တွန်းထားသည်။