တန်ဆောင်မုန်းလပြည့်နေ့မှစပြီး ပျောက်ဆုံးသွားသည့် ထားဝယ်ဇာတိ သီလရှင်ဆရာလေးတစ်ပါးကို ယနေ့ နိုဝင်ဘာ ၂၇ ရက် နေ့အထိ ရှာမတွေ့သေးကြောင်း အုပ်ထိန်းသူ သီလရှင်ဆရာလေးကပြောသည်။
ပျောက်ဆုံးနေသူဆရာလေးမှာ အသက် ၁၀ နှစ်အရွယ်ရှိ သီလရှင် မရူပသိင်္ဂီ ဖြစ်ပြီးလူအမည် မလရိပ်ဖြူ ဖြစ်ကြောင်း ၎င်းထံမှသိရသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့တွင် မရူပသိင်္ဂီ အပါအဝင် သီလရှင်ဆရာလေး ၃ ပါး သည် သီရိမင်္ဂလာဈေးကို ဈေးဝယ်သွားရာ ကမာရွတ်မြို့နယ် ၁ ရပ်ကွက် ရထားသံလမ်းအနီးတွင် ကားပေါ်မှ အမျိုးသမီးကြီးတစ်ဦးဆင်းလာပြီး ပခုံးဖက်ကာ ကားပေါ်တင်ခေါ်သွားကြောင်း အတူလိုက်ပါသွားသည့် သီလရှင် နှစ်ပါး၏ ပြောကြားမှုကို အုပ်ထိန်းသူသီလရှင် ကပြန်ပြောပြသည်။
“အကုန်လုံးက ၃ ပါး သွားတယ်။ အဲဒီမှာ ရထားသံလမ်းနား ဆော့နေတဲ့အချိန်မှာ ကားအဖြူရောင်တစ်စီး ရောက်လာပြီး အသားဖြူဖြူ ဆံပင်ကောက်ကောက်၊ ဆံပင် ရွှေအိုရောင်ဆိုးထားတဲ့ မိန်းမကြီးတစ်ယောက်က ပိုက်ဆံလှူမယ်ပြောပြီး မရူပသိင်္ဂီကို ပခုံးဖက် ခေါ်သွားတာ”ဟု ၎င်းကပြန်ပြောပြသည်။
အတူလိုက်ပါသွားသည့် သီလရှင် ဆရာလေးနှစ်ပါးမှာ အသက် ၈ နှစ်အရွယ်နှင့် အသက် ၁၁ နှစ်အရွယ်တို့ဖြစ်ကြပြီး ၎င်းဆရာလေးနှစ်ပါးကို ကမာရွတ်မြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းက ခေါ်ယူစောင့်ရှောက်ထားသည့် အတွက် ယင်းနေ့ညနေပိုင်းတွင်ပင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ၎င်းထံမှသိရသည်။
သီလရှင်လေး ပျောက်ဆုံးသွားမှုကို ရဲစခန်းသို့လည်း တိုင်ကြားထားကြောင်း ၎င်းကဆိုသည်။
သီလရှင် ဆရာလေး မရူပသိင်္ဂီမှာ လောင်းလုံးမြို့နယ် မောင်းမကန် ကျေးရွာနေ အဖ ဦးမျိုးမင်းမြတ်နှင့် ဒေါ်ထွေးလှတို့၏သမီးဖြစ်သည်။
မရူပသိင်္ဂီသည် ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ် အေးသာယာရွာရှိ အေးရိမ်မြိုင် သီလရှင်စာသင်တိုက်တွင် စာပေသင်ကြားနေသည်မှ တစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။