BREAKING
January 22, 2025

အစ္စရေး-ဟစ်ဇ်ဘိုလာ အပစ်ရပ်မှု ယနေ့ စတင်

November 27, 2024

အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအဖွဲ့အကြား အပစ်ရပ်စဲရေးသဘောတူညီမှုသည် ယနေ့ (လက်ဘနွန်စံတော်ချိန် နံနက် ၄ နာရီ)မှ စ၍ အသက်ဝင်လာခဲ့ပြီး ၁၄ လကြာနီးပါး စစ်ရေးပဋိပက္ခအား ယာယီအဆုံးသတ်သွားစေခဲ့ပြီ ဖြစ်သည်။

အမေရိကန်နှင့် ပြင်သစ်အစိုးရတို့၏ ကြားဝင်စေ့စပ်ပေးမှုအရ ဖြစ်ပေါ်လာခဲ့သည့် အပစ်ရပ်ရေး သဘောတူညီမှုအရ အစ္စရေးသည် လက်ဘနွန်တောင်ပိုင်းရှိ ၎င်း၏ တပ်ဖွဲ့များကို ရက် ၆၀ အတွင်း ဆုတ်ခွာသွားစေရမည် ဖြစ်သည်။

ယင်းသို့ပင် လက်ဘနွန်နိုင်ငံ လိတနီမြစ်တောင်ပိုင်းရှိ ဧရိယာများမှ ဟစ်ဇ်ဘိုလာတပ်ဖွဲ့ဝင်များနှင့် စစ်လက်နက်များကိုလည်း ဆုတ်ခွာစေရမည် ဖြစ်သည်။

အပစ်ရပ်သဘောတူညီချက်မှာ လက်ရှိစစ်ရေးပဋိပက္ခ ရေရှည်ရပ်ဆိုင်းသွားရန် ရည်ရွယ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဆိုသည်။

“ဒီအပစ်ရပ်စဲရေးကြေညာချက်က ဒေသတွင်းတည်ငြိမ်မှုကို ပြန်လည်ထိန်းသိမ်းပြီး နှစ်နိုင်ငံစလုံးက ဒေသခံတွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ဖို့ ဖန်တီးပေးသွားမှာ ဖြစ်ပါတယ်” ဟုလည်း အမေရိကန်နှင့် ပြင်သစ်အစိုးရက ပူးတွဲထုတ်ပြန်ခဲ့သည်။

သို့သော် အပစ်ရပ်မှုမစတင်ခင် နာရီပိုင်းအလိုအထိ နှစ်ဘက်စလုံးမှ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားနေခဲ့ပြီး ဟစ်ဇ်ဘိုလာဘက်ကလည်း အစ္စရေးနိုင်ငံထဲသို့ ဒရုန်းများဖြင့် တိုက်ခိုက်နေခဲ့သည်။

အပစ်ရပ်မှုမစခင် နာရီပိုင်းအတွင်း လက်ဘနွန်နိုင်ငံမြို့တော် ဘေရွတ်၏ အစိတ်အပိုင်းအချို့တွင် ဘေးလွတ်ရာ ရွှေ့ပြောင်းရေးအမိန့်များကို အစ္စရေးဘက်က ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် လက်ဘနွန်တောင်ပိုင်း ဒေသခံများအနေနှင့် နေရပ်စွန့်ခွာရန် အမိန့်ထုတ်ထားသည့် နေရာများသို့ သွားရောက်ခြင်းမပြုကြရန်၊ အစ္စရေးတပ်ဖွဲ့ဝင်များ ရှိနေသည့် နေရာများသို့ ဒေသခံများ သွားရောက်ခြင်း မပြုကြရန် အပစ်ရပ်မှုစပြီး မိနစ်ပိုင်းအတွင်း အစ္စရေးစစ်တပ်က သတိပေးခဲ့သည်။

အစ္စရေး-ဟစ်ဇ်ဘိုလာအပစ်ရပ်မှုက ဟားမတ်စ်အဖွဲ့အပေါ် ဖိအားပိုကျရောက်လာလိမ့်မည်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက ပြောကြားထားသည်။

အစ္စရေး-ဟစ်ဇ်ဘိုလာ

  • ယခုနှစ် စက်တင်ဘာလကုန်ပိုင်းတွင် လက်ဘနွန်နိုင်ငံအတွင်းရှိ ဟစ်ဇ်ဘိုလာပစ်မှတ်များအပေါ် အစ္စရေး၏ ဗုံးကျဲတိုက်ခိုက်မှုများ ပိုမိုအရှိန်မြှင့်လာခဲ့ပြီး လက်ဘနွန်နိုင်ငံအတွင်းသို့ မြေပြင်ကျူးကျော်စစ် စတင်ခဲ့သည်။
  • ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဟားမတ်စ်အဖွဲ့က အစ္စရေးနိုင်ငံထဲသို့ စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နောက်တစ်နေ့တွင် ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း အစ္စရေးနိုင်ငံထဲသို့ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
  • ယင်းအချိန်ကတည်းက အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအဖွဲ့အကြား အပြန်အလှန်ပစ်ခတ် တိုက်ခိုက်မှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။
  • အစ္စရေး-ဟစ်ဇ်ဘိုလာအဖွဲ့အကြား ယခုစစ်ပွဲသည် ဆယ်စုနှစ်များစွာအတွင်း လက်ဘနွန်နိုင်ငံ၏ လူအသေအပျောက်အများဆုံး စစ်ပွဲဖြစ်လာခဲ့သည်။
  • လက်ဘနွန်အစိုးရအရာရှိများ၏ အဆိုအရ လူပေါင်း ၃၈၂၃ ဦးကျော် သေဆုံးခဲ့ရပြီး ဖြစ်သည်။
  • အီရန်၏အပြင်ကာကွယ်ရေးစည်းဟု ဆိုကြသည့် ဟစ်ဇ်ဘိုလာအဖွဲ့၏ ဒုံးကျည်လက်နက်တိုက် အတော်များများမှာ လက်ရှိအချိန်တွင် ဖျက်ဆီးခံထားရပြီဖြစ်၍ အစ္စရေးနှင့်အီရန်အကြား စစ်ရေးမျှခြေမှာ အစ္စရေးဘက်သို့ အလေးသာလာခဲ့ပြီ ဖြစ်သည်။

Source – BBC