BREAKING
November 27, 2024

စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်၍ တနင်္သာရီတွင် နေအိမ်သုံးဆောင်ပျက်စီးပြီး ဒေသခံနှစ်ဦးဒဏ်ရာရ

November 27, 2024

တနင်္သာရီမြို့နယ်၊ ကတော့ကမ်းကျေးရွာတွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်မှုကြောင့် နေအိမ်သုံးဆောင်ပျက်စီးသွားပြီး အရပ်သားနှစ်ဦးဒဏ်ရာရသွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

နိုဝင်ဘာလ ၂၆ ရက် ညနေ ၃ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က မော်တုန်းကျေးရွာအုပ်စု ကတော့ကမ်းကျေးရွာကို ၈၁ မမ အမျိုးအစား ဒရုန်းဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် ကတော့ကျေးရွာရှိ အသက် ၅၅ နှစ် နှင့် ၂၃ နှစ်အရွယ် အမျိုးသားနှစ်ဦး ဒဏ်ရာရသွားကြောင်း မြိတ်ခရိုင် တပ်ရင်း ၂ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ငါးဆယ်ငါးနှစ်အရွယ် အမျိုးသားက လက်မောင်းမှာဖောက်ထွက်ဒဏ်ရာ အရိုးလွတ်တယ်။ ၂၃ နှစ်အရွယ် တစ်ယောက်ကတော့ ခြေသလုံးမှာ ဖောက်ထွက်ဒဏ်ရာရတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးခဲ့သည့်နေအိမ် ၃ လုံးအနက် တစ်လုံးက မီးလောင်သွားသဖြင့် ပျက်စီးမှုများခဲ့ကြောင်း မော်တုန်းကျေးရွာနေ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

မြိတ်ခရိုင်၊တပ်ရင်း ၂ ပြန်ကြားရေးတာဝန်ခံကမူ လက်ရှိတွင် စစ်ကောင်စီအနေဖြင့် ၎င်းတို့မထိန်းချုပ်နိုင်သည့် နယ်မြေရှိ ပြည်သူများကို အကြောင်းမဲ့ ဒုက္ခပေးခြင်းသာဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် တနင်္သာရီမြို့နယ်အတွင်းရှိ အရှေ့မော်တုန်း၊ ရွာမ၊ ပြင်ရိုးနှင့် ဘန်းလမွတ်ကျေးရွာတစ်ဝိုက်တွင် စစ်ကောင်စီတပ်စစ်ကြောင်း လှုပ်ရှားမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။